Ch 8
Viewers 4k

အခန်း (၈) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး


နဥ်စုန့် အခန်း၃သို့ ပြန်လာခဲ့သည်။ အတန်းပြီးခါစဖြစ်သဖြင့် လူအချို့ အစာစားရန် ထွက်သွားကြပြီ ဖြစ်၏။


ေညနေ ၅ နာရီသာ ရှိသေးပြီး သူ သိပ်မဆာသေးသဖြင့် ညနေပိုင်း လေ့လာချိန်ပြီးမှ စားရန် စီစဉ်လိုက်လေသည်။


သူ သန့်စင်ခန်းသို့ သွားခဲ့သည်။ အိမ်သာခန်းတံခါး ပိတ်လိုက်သည်နှင့် ကောင်လေးအချို့ ရယ်မောနောက်ပြောင်လျက် ပြေးဝင်လာသည်ကို ကြားလိုက်ရလေသည်။


"အခန်း၃မှာ ကျောင်းသားသစ် ရောက်နေတယ်ဆို။ အထူးဝင်ခွင့် ကျောင်းသားတဲ့။ သူက ဘယ်လိုပုံစံလဲ"


"အထူးဝင်ခွင့်က ဘယ်လိုပုံစံ ဖြစ်နိုင်ဦးမှာလဲ။ မင်း ဖိုရမ် မကြည့်ဘူးလား"


"ငါတို့ကျောင်းက ဘာလို့များ ဆင်းရဲသားရပ်ကွက်က ကြွက်တစ်ကောင်ကို ခေါ်လာရတာလဲ ငါ နားကိုမလည်ဘူး"


"အမှတ်ကောင်းလို့လေ၊ သူက ဘာသာစုံ A ရပြီး ဝင်လာတာလို့ ကြားတယ်"


"သူက ချောလား"


"ပဲပင်ပေါက်လေးပါကွာ၊ 'ဖက်တီး' လောက်တောင် အရပ်မရှည်ဘူး"


"အရိုးစုလေးပါကွ၊ တစ်ချက်လောက် လုပ်လိုက်ရင်တင် တစစီ ကြေမွသွားလောက်တယ်!"


"သူက သာမန်အရမ်းဆန်လွန်းတယ်။ ဒါပေမဲ့ အသံလေးကတော့ မဆိုးဘူး၊ သူ အော်ဟစ်ရင် နားထောင်ကောင်းမှာ သေချာတယ်"


??!!


ဒီ သန်းမေ့ယောကျာ်းလေးကျောင်းကြီးက ကြောက်စရာကောင်းလိုက်တာ!!


"ဖာ့ခ်... မင်းက တကယ် ဂျီးမများဘူးပဲ"


"ဟား... အကောင်းစားလေးတွေ ရဖို့ ငါတို့အလှည့် ဘယ်တော့ရောက်မှာမို့လို့လဲ။ ပြီးတော့ ငါတို့ သူ့ကို ဖာ့ခ်မှဖြစ်မယ်လို့ မဆိုလိုပါဘူး။ သူ့ကို ရိုက်နှက်တဲ့အခါ အော်သံနားထောင်ရတာ ပျော်စရာကောင်းရင် ကောင်းနေမှာပေါ့"


နဥ်စုန့်: "..."


"သူ့ကို အစေခံအဖြစ် ထားရင်လည်း မဆိုးပါဘူး။ ငါတို့ စိတ်ရှိတိုင်း သူ့ကို စနောက်လို့ရတာပေါ့။ ပြီးတော့ သူ့မှာ ဘာကျောထောက်နောက်ခံမှလည်း မရှိဘူးလေ"


"သူနဲ့တွေ့ဖို့ အခွင့်အရေး ရှာကြည့်ကြမလား"


အပြင်ဘက်တွင် ရယ်မောသံများနှင့် ရေကျသံများ ထွက်ပေါ်လာသည်။ သူတို့အားလုံး ထွက်ခွာသွားပြီးနောက်မှ နဥ်စုန့်သည် လက်ဆေးရန် ထွက်လာခဲ့လေသည်။


ထိုကောင်လေးများက လေကြီးမိုးကြီး ပြောနေခြင်းလား၊ သို့တည်းမဟုတ် တကယ် အတည်ပြောနေခြင်းလား သူ မသိပေ။


သူ့ရုပ်ရည်နှင့် ပတ်သက်ပြီး သူ အတော်လေး ယုံကြည်မှု ရှိခဲ့သော်လည်း၊ ယခုတော့ သူ မသေချာတော့ပေ!


သူ လက်ကို ခြောက်သွေ့အောင်သုတ်ပြီး တိတ်ဆိတ်စွာပင် သန့်စင်ခန်းထဲမှ ထွက်ခွာလာခဲ့သည်။


သူသည် ဆံပင်ကို ဖွာလန်ကြဲအောင်လုပ်လိုက်ပြီး မတ်မတ်မရပ်တော့ဘဲ၊ လူအများ မမြင်အောင် နေနိုင်ရန် မျှော်လင့်မိလေသည်။


နေဝင်ဆည်းဆာ အလင်းရောင်သည် ဝါးတဲလ်ပန်းပွင့်ဖြူများအပေါ်သို့ ရွှေရောင်အလင်းတန်းများအဖြစ် ဖြန့်ကျက်ပေးနေ၏။ သူ ပခုံးကို လျှောချလိုက်စဉ်မှာပင် ရင်းနှီးနေသော ယောက်ျားလေးအသံတစ်ခုက မေးလိုက်သည်ကို ကြားလိုက်ရ၏။ "မင်းအသံက နားထောင်လို့ ကောင်းလား"


သူ လှည့်ကြည့်လိုက်ရာ ပန်းပင်များ၏အနောက်တွင် တစ်ဝက်ခန့် ဖုံးကွယ်နေသော ကျောက်တံတိုင်းပေါ်၌ ထိုင်ကာ ဆေးလိပ်သောက်ရင်း သူ့ကို လှည့်ကြည့်နေသည့် လီယိုကို တွေ့လိုက်ရလေသည်။


"ဟင်"


သူ ကြောင်အမ်းအမ်း ဖြစ်သွားသည်ကို မြင်သောအခါ လီယိုက ခပ်ဖွဖွရယ်မောလိုက်ရာ၊

ရှက်နေသည့်အလား နှုတ်ခမ်းထောင့်တွင် အပြုံးရာပေါ်လာလေသည်။


လီယို ဘာပြောသည်ကို နဥ်စုန့် ချက်ချင်း သဘောပေါက်လိုက်သည်။ သူ့နားရွက်များ ချက်ချင်း နီရဲသွားပြီး၊ ဖြူဖျော့ပိန်ပါးသော ပါးပြင်များ ပူနွေးသွားရ၏။ သူ တိတ်တဆိတ်ပင် ထွက်ခွာလာခဲ့သည်။


အတော်ဝေးဝေး ရောက်သောအခါ သူ လီယိုကို လှမ်းကြည့်လိုက်ရာ၊ ဆေးလိပ်ကို ကိုင်လျက် မီးခိုးငွေ့များနောက်ကွယ်မှ ယုတ်မာသော အပြုံးဖြင့် ပြုံးနေသည်ကို တွေ့လိုက်ရလေသည်။


၎င်းသည် စနောက်လိုသော အပြုံးမျိုး ဖြစ်၏။


သို့သော် အထူးတလည် ဂရုစိုက်သော စနောက်ခြင်းမျိုး မဟုတ်ဘဲ၊ လမ်းဘေးတွင် တွေ့ရသော ကြောင်ပေါက်စ သို့မဟုတ် ခွေးပေါက်စလေးကို တွေ့၍ ပေါ့ပေါ့ပါးပါး စနောက်လိုက်ခြင်းမျိုးနှင့် ပိုတူပေသည်။


အနိုင်ကျင့်တဲ့ကောင်... မင်းရဲ့ အသည်းကျော်လေး မင်းကို သေမတတ် နှိပ်စက်လို့ မင်း အသည်းကွဲမတတ် ငိုရမယ့်နေ့ကို စောင့်နေလိုက်!


လေတစ်ချက် ဝှေ့လိုက်ရာ ချိုမြသော ရနံ့များက ခေါင်းမူးသွားစေသည်။


အီစတန်ယောက်ျားလေးကျောင်းရှိ ဝါးတဲလ်ပန်းများကို လီယို မုန်းသည်။ ထိုရနံ့က သူ့ကို ခေါင်းကိုက်စေသည်။


နေဝင်ချိန် နေရောင်ခြည်သည် လမ်းပေါ်သို့ တောက်ပစွာ ကျရောက်နေပြီး၊ လမ်းခင်းကျောက်ပြားများသည် မျက်စိကျိန်းမတတ် လက်နေလေသည်။ နဥ်စုန့်၏ ပိန်ပါးသော ပုံရိပ်လေးမှာ ထိုအလင်းရောင်ထဲတွင် အရည်ပျော်လုနီးပါး ဖြစ်နေ၏။


သူ့အသံ နားထောင်ကောင်းမကောင်း ဆိုသည်ကို လီယို တကယ်တမ်း အာရုံမစိုက်မိခဲ့ပေ။


သို့သော် နဥ်စုန့် သူ့လက်ထဲတွင် ကျန်ရစ်ခဲ့သော အထိအတွေ့ကိုမူ သူ အတော်ကြာသည်အထိ မေ့မရနိုင်ခဲ့ချေ။ ထိုကောင်လေးသည် အရိုးစုကဲ့သို့ ပိန်လှီနေသော်လည်း၊ သူ့ပေါ့ပါးမှုက လီယိုကို ဂနာမငြိမ် ဖြစ်ကျန်ရစ်စေခဲ့သည်။


နဥ်စုန့် စာသင်ခန်းတံခါးဝသို့ပင် မရောက်သေးမီ နေ့လယ်စာစားပြီး ပြန်လာသော ချောင်ချောင်ကို တွေ့လိုက်ရသည်။


"ငါ မင်းအတွက် နို့လက်ဖက်ရည်တစ်ခွက် ဝယ်လာတယ်"  ချောင်ချောင်က လှမ်းအော်ပြောလိုက်သည်။


"ကျေးဇူးပါ" နဥ်စုန့် ပြန်ပြောလိုက်ရင်း၊ ချောင်ချောင်၏ အလွယ်တကူရင်းနှီးမှုနှင့် အသားကျစေရန် ကြိုးစားလိုက်ရသည်။


ချောင်ချောင် လမ်းအဆုံးဘက်သို့ လှမ်းကြည့်ပြီး မေးလိုက်သည်။ "မင်း ခုနက လီယို နဲ့ စကားပြောနေတာလား"


"မဟုတ်ပါဘူး" အဆောင်တွင် ဖြစ်ပျက်ခဲ့သည်များကို နဥ်စုန့် ထည့်မပြောတော့ပေ။


"သတိထားနော်၊ သူ့ကို သွားမစနဲ့၊ ပြီးတော့ သူ့စိတ်ငြိုငြင်အောင်လည်း မလုပ်နဲ့" ချောင်ချောင်က ပြောလိုက်သည်။


စာသင်ခန်းထဲ ရောက်သောအခါ လူရှင်းနေသည်ကို အခွင့်ကောင်းယူ၍ ချောင်ချောင်သည် သူတို့ကျောင်းရှိ အဓိက "ဆိုးသွမ်းဂိုဏ်းသားများ” နှစ်ဖွဲ့အကြောင်း နဥ်စုန့်အား စတင်မိတ်ဆက်ပြလေသည်။


တစ်ဖွဲ့ကို ဒုတိယနှစ် အခန်း ၇မှ လီယိုက ဦးဆောင်ပြီး၊ အခြားတစ်ဖွဲ့ကို တတိယနှစ် အခန်း၁မှ ချင်ယိက ဦးဆောင်သည်။


ပြဿနာရှာတတ်သော အုပ်စုနှစ်စု ကွဲနေရသည့် အဓိကအကြောင်းရင်းမှာ သူတို့၏ မတူညီသော နောက်ခံအခြေအနေများကြောင့် ဖြစ်သည်။


ချင်ယိသည် Blackdragon ဆောက်လုပ်ရေးလုပ်ငန်း ပိုင်ရှင်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး၊ သူ လုပ်ချင်ရာလုပ်တတ်သော ဒုတိယမျိုးဆက် သူဌေးသားတစ်ဦး ဖြစ်သဖြင့် ရှုပ်ထွေးသော နောက်ခံရှိသည်။


လီယိုကတော့...


"လီယိုကလည်း အထူးဝင်ခွင့်ရကျောင်းသားပဲ" ချောင်ချောင်က ပြောလိုက်သည်။


ဤအချက်က နဥ်စုန့်၏ စိတ်ဝင်စားမှုကို ချက်ချင်း ဖမ်းစားလိုက်သည်။


"ဒါပေမဲ့ သူက မင်းနဲ့မတူဘူး" ချောင်ချောင်က ဆက်ပြောသည်။ "သူက လက်ဝှေ့ အားကစားဝင်ခွင့်နဲ့ ဝင်လာတာ။ သူက ငါတို့ကျောင်းမှာ လက်ဝှေ့ထိုးတတ်တဲ့ ပထမဆုံးကျောင်းသားတွေထဲက တစ်ယောက်ပဲ။ သူ အရင်က မြေအောက်လက်ဝှေ့ပွဲတွေမှာ ထိုးဖူးပြီး တော်တော် နာမည်ကြီးခဲ့တယ်။ ငါတို့ကျောင်းက လက်ဝှေ့အစီအစဉ်သစ် စလုပ်တော့ သူ့ကို ခေါ်လိုက်တာ။ လီယို မရောက်ခင်တုန်းက ချင်ယိက အကြီးဆုံးဗိုလ်ပဲ၊ အမြဲတမ်း လူတွေကို ဒုက္ခပေးတယ်၊ အထူးသဖြင့် အထူးဝင်ခွင့်ကျောင်းသားတွေကိုပေါ့၊ ဘာလို့လဲဆိုတော့ ကျောင်းအုပ်ကြီးက သူ့ဘက်ပါတာကိုး။ ဒါပေမဲ့ လီယို ရောက်လာတော့ သူက ရန်ဖြစ်တာ အရမ်းတော်တော့ ဘယ်သူမှ သူ့ကို မစရဲကြဘူး။ ကြာတော့ လူတစ်စုက သူ့နောက်လိုက် ဖြစ်လာကြတယ်။ ဒါပေမဲ့ သူကလည်း လူကောင်းတော့ မဟုတ်ပါဘူး။ ကျောင်းပြင်က လူမိုက်တွေနဲ့ အဆက်အသွယ် အများကြီးရှိတယ်။ ကြားတာတော့ သူက စနေ၊ တနင်္ဂနွေတိုင်း မြေအောက်မြို့တော်ကို သွားလေ့ရှိတယ်တဲ့!"


နဥ်စုန့် ပြုံးလိုက်သည်။ ရုတ်တရက် ချောမောသော မျက်နှာပိုင်ရှင် ဖူယွီ ဝင်လာသည်ကို သူ တွေ့လိုက်ရသည်။


တရားသဖြင့် ပြောရလျှင် ဖူယွီသည် လူများကို စကားမပြောရဲလောက်အောင် ဖြစ်စေသည့် အေးစက်စက် သခင်လေးမျိုး မဟုတ်ပေ။ သူက အလွန်တိတ်ဆိတ်လွန်းသဖြင့် လူများက သူ့ကို မနှောင့်ယှက်ရဲအောင် အလိုအလျောက် ဖြစ်သွားကြခြင်းသာ ဖြစ်သည်။


နဥ်စုန့်သည် ပိုက်ကို တိတ်တဆိတ် ကိုက်ဝါးရင်း နို့လက်ဖက်ရည်ကို စုပ်သောက်လိုက်သည်။ ဇီးသီးနှင့် စတော်ဘယ်ရီ အရသာ ဖြစ်သော်လည်း ချိုလွန်းနေ၏။


"မင်း အရမ်းပိန်လွန်းတယ် အားနဥ်" ချောင်ချောင်က ပြောလိုက်သည်။ "မင်းအတွက်သီးသန့် သကြားပိုထည့်ခိုင်းလိုက်တာ!"


စာသင်ခန်းထဲတွင် သူတို့သုံးယောက်သာ ရှိပြီး၊ စင်္ကြံလမ်းမှ အသံများက စာသင်ခန်းကို ပို၍ တိတ်ဆိတ်သွားသယောင် ဖြစ်စေသည်။


ဖူယွီ ရှိနေသဖြင့် စကားများသော ချောင်ချောင်ပင်လျှင် အသံကျယ်ကျယ် မပြောရဲပေ။


နဥ်စုန့် ဘောပင်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး မြေပုံအသစ်တစ်ခုကို စတင်ရေးဆွဲလိုက်သည်။


အခြားကမ္ဘာတစ်ခုတွင် သူ ဖန်တီးခဲ့သော နှင်းဆီနက်ကျောင်းတော်ဂိမ်းသည် လက်ရှိ အွန်လိုင်းဗားရှင်းထက် များစွာ ပိုမိုရှုပ်ထွေးသော်လည်း၊ သူ့မှတ်ဉာဏ်က အကန့်အသတ်ရှိသဖြင့် ၇၀-၈၀ ရာခိုင်နှုန်းလောက်သာ ပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် အမြဲမပြတ် ပြုပြင်မွမ်းမံပြီး မြေပုံများ ထပ်ဖြည့်နေရခြင်း ဖြစ်သည်။ အီစတန်ယောက်ျားလေးကျောင်းက သူ့ကို စိတ်ကူးသစ်များစွာ ပေးစွမ်းနိုင်ခဲ့သည်။


သူ ဂိမ်းရေးဆွဲနေသည်ကို မည်သူ့ကိုမျှ အသိပေးရန် အစီအစဉ် မရှိပေ။ ကျောင်းပြောင်းကျောင်းသား ဖြစ်ရခြင်း၏ ဆန်းသစ်မှု လျော့ပါးသွားသည်အထိ လောလောဆယ်တွင် သူ အသာငြိမ်နေလိုသည်။ ပြီးတော့ သူ့မိဘအသစ် မစ္စတာနှင့် မစ္စစ်နဥ်တို့ကို သူ၏ ပရိုဂရမ်းမင်းနှင့် ဒီဇိုင်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများအကြောင်း မည်သို့ပြောပြရမည်ကိုလည်း သူ မသိသေးပေ။


နောက်ထပ် လအနည်းငယ်လောက်ကြာရင် ဒီပညာတွေကို အီစတန်ယောက်ျားလေးကျောင်းမှာ သင်ခဲ့တာလို့ပဲ သူ ပြောလိုက်တော့မယ်…


သူ မှတ်စုစာအုပ်ထဲတွင် ခဲခြစ်ရေးဆွဲနေစဉ် ချောင်ချောင်က ကိုယ်ကိုကိုင်း၍ လှမ်းကြည့်လာသည်။ မည်းမည်းသည်းသည်း ခြစ်ရာများနှင့် ပိုတူသော သူ့ပုံများကို မြင်သောအခါ ချောင်ချောင်၏ မျက်ဝန်းများတွင် သနားဂရုဏာသက်မှုများ ပြည့်နှက်သွားလေသည်။


နဥ်စုန့်က လူမှုအဆင့်အတန်း မြင့်မားလာစေရန် ကြိုးစားနေသော်လည်း ဂီတ၊ စစ်တုရင်နှင့် ပန်းချီ ကဲ့သို့သော အရာများကို သင်ယူရာတွင် ဆိုးဆိုးရွားရွားကျရှုံးနေသည့် သနားစရာ ကောင်လေးတစ်ယောက်ဟု သူ ထင်မှတ်သွားပုံရသည်။


ထို့အပြင် ဤသနားစရာကောင်လေးက ပိန်ညှောင်နေပြီး အားနွဲ့နေကာ၊ ကြည့်ရတာ တော်တော်လေး သနားစရာကောင်းနေသည်သာ။


ချောင်ချောင် ရုတ်တရက် တစ်ခုခုကို သတိရသွားပုံဖြင့် ပြောလိုက်သည်။ "ဒါနဲ့... ဒီည မင်းအတွက် အထူးကြိုဆိုပွဲရှိတယ်ဆိုတာ မင်း သိလား"


"ကြိုဆိုပွဲ ဟုတ်လား"


"အီစတန်မှာက မူလတန်းကနေ အထက်တန်းအထိ တောက်လျှောက်တက်ရတဲ့ စနစ်ရှိတော့၊ လူတိုင်းနီးပါးက ဒီမှာ မူလတန်းကတည်းက ရှိနေကြတာလေ။ တကယ်လို့ တစ်ယောက်ယောက် ကျောင်းပြောင်းလာရင် ငါတို့က ကြိုဆိုပွဲအသေးစားလေး လုပ်ပေးလေ့ရှိတယ်။ ဒါက နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ အစဉ်အလာတစ်ခုပဲ၊ ဒီတစ်ခေါက်ပွဲကိုတော့ ချင်ယိတို့အဖွဲ့က စီစဉ်တာ"


ပြောနေရင်းနှင့် ချောင်ချောင် တွန့်ဆုတ်သွားသည်။ "မပူပါနဲ့၊ မင်း ဘာမှမဖြစ်ပါဘူး။ တကယ်တော့ တစ်ခါတလေကျရင် ပျော်ဖို့ကောင်းပါတယ်"


နဥ်စုန့် စိတ်ပူသွားသည်။


"မင်း ဘာမှမဖြစ်ပါဘူး" ဆိုတာ ဘာအဓိပ္ပာယ်လဲ။ တခြားတစ်ယောက်ယောက် ဘာဖြစ်သွားဖူးလို့လဲ။


ဒီပွဲက မရေရာ မသေချာမရေရာတဲ့  ပွဲတစ်ခုလို့ သူ ဘာကြောင့် ခံစားနေရတာလဲ။


သူက ဘာလို့ အဆင်ပြေမှာလဲ။


သူ လုံလောက်အောင် မချောနေလို့များလား။


သူ ဒီယောက်ျားလေးကျောင်းကို သာမန် အထက်တန်းကျောင်းလို့ တကယ် သဘောထားလို့ မရတော့ဘူး။ သူ့စိတ်တွေ ညစ်ညမ်းကုန်ပြီ!


နဥ်စုန့် သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး မေးထောက်ထားလိုက်သည်။ ကြမ်းပြင်သည် ပြောင်လက်လွန်းလှသဖြင့် ရဲရဲတောက် နေဝင်ချိန်အလင်းရောင်သည် စာသင်ခန်းကို မီးလောင်ကျွမ်းစေတော့မည့်အတိုင်းပင်။


ချောင်ချောင်က ကျောင်းသားသစ် ကြိုဆိုပွဲအကြောင်း ပြောပြထားသောကြောင့်၊ သူသည် ညနေပိုင်း စာသင်ချိန်ပြီးဆုံးသည်အထိ စိတ်လှုပ်ရှားနေခဲ့ရသည်။


စာသင်ချိန်ပြီးဆုံးသည်နှင့်၊ အတန်းခေါင်းဆောင်က သူ့ထံလာပြီး ကြိုဆိုပွဲအကြောင်း လာပြောလေသည်။


"ဒါက ငါတို့ကျောင်းရဲ့ ထုံးစံ ကြိုဆိုပွဲဆိုတော့ မင်း သွားတာ ပိုကောင်းမယ်" အတန်းခေါင်းဆောင်က ဆို၏။


ကျောင်းသားသစ်တစ်ယောက်အနေဖြင့် သူ စည်းကမ်းကို မဖောက်ဖျက်ရဲသည်မှာ သေချာလှသည်။


စာသင်ချိန်ပြီးနောက် သူ အဆောင်သို့ မပြန်မီ ကျောင်းကန်တင်းတွင် ညစာ သွားစားလိုက်သည်။


အီစတန်ယောက်ျားလေးကျောင်းတွင် သစ်တောအုပ်များ ရှိသည်။ နေ့အချိန်တွင် အဆင်ပြေသော်လည်း၊ ညရောက်သည်နှင့် စိုစွတ်သော မှုန်မှိုင်းမှုကို ယူဆောင်လာပြီး၊ ပန်းရနံ့များသည် နက်ရှိုင်းကာ လျှို့ဝှက်ဆန်းကြယ်လာတတ်သည်။


လမ်းတစ်ဝက်အရောက်တွင် ရင်းနှီးသော ပုံရိပ်တစ်ခုကို သူ တွေ့လိုက်ရသည်။ အမှောင်ထုထဲတွင် ထိုသူ၏ ပုံစံသည် ပိန်ပါးပြီး အရပ်ရှည်ကာ ရင်သပ်ရှုမောဖွယ် ကောင်းလှသဖြင့် မန့်ဟွထဲက ဇာတ်ကောင်နှင့် ပိုတူနေသည်။


ဖူယွီဖြစ်၏။


သူလည်း နဥ်စုန့် သွားရာလမ်းအတိုင်း သွားနေခြင်း ဖြစ်သည်။


နဥ်စုန့် သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့သည်။ ရင်ပြင်ကို ကျော်ဖြတ်ပြီးနောက်၊ ရုတ်တရက် တစ်ယောက်ယောက်က "ဟေ့... ဆံကောက်” ဟု လှမ်းအော်လိုက်သည်ကို ကြားလိုက်ရလေသည်။


လန့်သွားပြီး သူ လှည့်ကြည့်လိုက်ရာ ဝါးတဲလ်သစ်ပင် အရိပ်များအောက်တွင် ရပ်နေသော အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း ကောင်လေးအများအပြားကို တွေ့လိုက်ရသည်။ သူတို့က သူ့ကို စောင့်နေခဲ့သည်မှာ ကြာပြီဖြစ်ပုံရလေသည်။


***


[Cela ၏ မှတ်စု]


ဖူယွီရဲ့ နာမည်က 濮喻 ဖြစ်ပါတယ်။ ပထမ စာလုံးက ဟယ်နန်ပြည်နယ်က ခရိုင်တစ်ခုကို ရည်ညွှန်းပြီး၊ ဒုတိယ စာလုံးကတော့ "ဥပစာ" လို့ အဓိပ္ပာယ်ရပါတယ်။