အခန်း(3)
မော့၀မ်ယွီတစ်ယောက် သူ၏ပါးစပ်မှထွက်လာတော့မည့် စကားများကို ကြိုးစား၍ ပြန်လည်မျိုချလိုက်သည်။
အရူးကောင်လို့ အထင်မခံရအောင် သူ ဘယ်လိုနေပေးရမှာလဲ။
မူလကမ္ဘာမှာဆိုရင် သူက တကယ်ကိုတော်တဲ့ စီးပွားရေး စီမံကိန်းရေးဆွဲသူ တစ်ယောက် ဖြစ်ခဲ့တာ။
ကုမ္ပဏီတွေဆိုရင် သူ့ကိုလိုအပ်လွန်းလို့တောင် တောင်းဆိုခဲ့ကြရတယ်။
သူ၏ ရင်ထဲတွင် မကျေနပ်ချက်များဖြင့် ပြည့်လျှံနေခဲ့သော်လည်း လက်တွေ့တွင်တော့ မော့၀မ်ယွီက မျက်နှာထက်တွင် အပြုံးလေးတစ်ခုဖြင့်သာ ပြန်ဖြေလိုက်သည်။
“အမှန်ပါပဲ၊ ဒါပေမဲ့ ကျွန်တော် ဘယ်သူလဲ ဆိုတာက အရေးမကြီးပါဘူး.၊ ဒီဘက်က တာ့ကော ၊ ကျွန်တော်တို့ကို နောက်ထပ် နှစ်လလောက် အချိန်ထပ်ပေးလို့ရမလား ၊
နောက်နှစ်လနေရင် ခင်ဗျားတို့ရဲ့အကြွေးတွေလည်းအကုန်ပြန်ဆပ်ပါ့မယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ ကျေးဇူးသိတတ်မှုကိုလည်း ပြပေးပါ့မယ်....ခင်ဗျားကို ကျွန်တော့်လုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ပေးရင်ကော...”
လူကြီး၏အနောက်တွင်ပါလာသော သူများက ထိုစကားအား ကြားလိုက်ရသည်ကို မယုံနိုင်ဖြစ်နေကြပြီး အချင်းချင်း တီးတိုးပြောဆိုနေခဲ့ကြသည်။
ပုံမှန် ရွာသားများသည်ကားမြို့ထဲတွင် စား၀တ်နေရေးလေး အဆင်ပြေနေသည်ကပင် အတော်ကောင်းမွန်သော အနေအထားဖြစ်နေလေပြီ။ သူတို့အရှေ့ရှိ လူကမူ သူ၏လုပ်ငန်း တစ်စိတ်တစ်ပိုင်းကိုပင် ပေးဦးမည် ဟုဆိုလာသည့်အတွက် မည်သူမျှ ထိုစကားအား မယုံချင်ကြပေ။
ဤသည်ကိုမဆိုထားနှင့်....ထိုစကားအားပြောနေသူက သူ၏စားရေးသောက်ရေးကိုပင် တစ်ခြားမိသားစုအပေါ်မှီခိုနေရသော သူတစ်ယောက်ဖြစ်နေပြီး ရူးကြောင်ကြောင်လူငယ်လေးတစ်ယောက်လည်း ဖြစ်နေသေးသည်။
သို့သော်လည်း နောက်ဆုံးမှာတော့ ထိုကောင်လေး၏ စကားများကြောင့် အကြွေးလာတောင်းသော ခေါင်းဆောင်လူကြီးက သူ၏လက်ထဲမှ ဆူးများဖြင့် တုတ်ကို လွှတ်ချလိုက်လေသည်။
မော့၀မ်ယွီတစ်ယောက် စိတ်သက်သာရာရပြီး သက်ပျင်းချလို့မျှပင် မပြီးသေး သူ၏မျက်နှာရှေ့တွင် လေပြင်းတစ်ခု တိုက်ခတ်သွားသည်ကို ခံစားလိုက်ရပြီး မကြာမီမှာပင် မြေပြင်ပေါ်တွင်ရှိနေရမည့် ဆူးတုတ်သည်က သူ၏လည်ပင်းပေါ်သို့ ရောက်လာခဲ့သည်။
“ငါတို့က မင်းကို ဘာအကြောင်းကြောင့် ယုံရမှာလဲ”
တုတ်ပေါ်ရှိ သံဆူးချွန်များသည်ကား ဓါးသွားကဲ့သို့ ထက်ရှခြင်း မရှိသော်ငြား အစွန်းဘက်ရှိ ဆူးချွန်အချို့ကမူ ချွန်ထက်နေသေးသည်။
ထိုမျှမကသေး....လက်ရှိခန္ဓာကိုယ်ပိုင်ရှင်၏ အသားအရည်မှာ ထိလွယ်ရှလွယ်နိုင်လွန်းပြီး ဒဏ်ရာလည်းရလွယ်သေးသည်။
ထို့ကြောင့် ဆူးတုတ်နှင့် တိုက်ခိုက်ခံရပြီးနောက် ချက်ချင်းပင် သူ၏လည်ပင်းမှ သွေးများ စိမ့်ထွက်လာခဲ့တော့သည်။
အနီရောင်တောက်တောက် သွေးများက သူ၏လည်တိုင်တစ်လျှောက် စီးကျလာခဲ့လေသည်။
မော့ဝမ်ယွီ သူ၏လည်ပင်းမှ စူးရှရှ နာကျင်မှုကြောင့် မသိလိုက်မသိဘာသာဖြင့် အသက်ကိုပြင်းပြင်း ရှူသွင်းလိုက်မိသည်။
သို့သော်လည်း ယခုအခြေအနေကမူ သူ့အား ထိုဒဏ်ရာအနည်းငယ်အပေါ် စိတ်ပူနေခွင့်မပေးသေးပါချေ။
မော့၀မ်ယွီ ချက်ချင်းပင် ပို၍ဖြူစင်သော အပြုံးဖြင့် ပြန်ပြုံးပြလိုက်လေသည်။ ထိုအရာက မကြာသေးမီကမှ ဆူးတုတ်နှင့် ရုတ်တရက်ဆန်စွာတိုက်ခိုက်ခြင်းခံထားရသော လူတစ်ယောက်အတွက် အလွန် သနားစဖွယ်ကောင်းလွန်းနေသည်။
“တာ့ကော၊ အခုလိုအခြေအနေက ခင်ဗျားအတွက် အဆင်မပြေဘူးဆိုတာကို ကျွန်တော သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ကျူးမိသားစုအတွက်လည်း တကယ် အဆင်မပြေနိုင်တဲ့အခြေအနေမျိုးကိုရောက်နေလို့ပါ ၊
ကျူးချွေ့ဖန်းက ခင်ဗျား
တို့အပေါ် ဖြစ်စေခဲ့တဲ့ ဆုံးရှုံးမှုတွေကို ပြန်ပေးဆပ်ဖို့ ကျိုးမိသားစုကလည်း အတတ်နိုင်ဆုံးကြိုးစားခဲ့ပြီးပါပြီ၊ ခင်ဗျားတို့ အခုလိုမျိုး လူကို ပြင်းပြင်းရိုက်လို့တော့ မရဘူးလို့ မထင်ဘူးလား”
မော့၀မ်ယွီက သနားစရာကောင်းလွန်းသည့်မျက်နှာထားဖြင့် ကရုဏာထားပေးရန် တောင်းဆိုလိုစွာ ပြောလိုက်လေသည်။ တကယ်တမ်းတွင် သူက ကျူးအိမ်တော်နှင့် အမှန်တကယ်အကြွေးတင်ထားသော ကျူးချွေ့ဖန်းကြားတွင် မသက်ဆိုင်သည်ကို ရှင်းသွားစေရန် ရည်ရွယ်၍ ပြောလိုက်ခြင်းဖြစ်သည်။
သူပြောချင်သည့် အဓိပ္ပာယ်မှာ ရိုးရှင်းလှသည်။
‘အဲဒါက ကျူးချွေ့ဖန်းရဲ့ အကြွေးတွေလေ၊ ငါတို့ကျူးအိမ်တော်က သူ့ရဲ့အကြွေးကို ကူညီပြီး ဝိုင်းဆပ်ပေးချင်တာကတောင် ကြင်နာတဲ့အပြုအမူလို့ မင်းတို့ တွေးသင့်တယ်’
သူပြောသည်က တကယ်တမ်းတွင်လည်း အမှန်သာဖြစ်ချေသည်။ ယခုအချိန်တွင် ကျူးအိမ်တော်နှင့် ကျူးချွေ့ဖန်းက လားလားမျှမသက်ဆိုင်တော့ပေ။ ဤသည်က ကျူးချွေ့ဖန်း၏ အကျပ်ကိုင်မှုအောက်တွင် ရှိနေသည်ဟုသာ စဉ်းစားနိုင်ပေသည်။
သူဖတ်ခဲ့သော မူရင်းစာအုပ်မှ ဇာတ်လမ်းတွင် ကျူးရှု၏ ဒုတိယဦးလေး ကျူးချွေ့ဖန်းသည်ကား လက်ထပ်ပြီးနောက် သူ၏အကို ကျူးကျွင့်သဲ့ထံမှ အိမ်မှ ခွဲထွက်ရန်လုပ်ဆောင်ခဲ့ကာ သူ၏ကိုယ်ပိုင်ဆိုင် သက်သက်ခွဲဖွင့် ခဲ့လေ၏။ သူ့အနေဖြင့် ကျူးအိမ်တော်သို့ ပြန်မလာသည်မှာပင် နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။
သူ ဆိုးဝါးသည့် အရာများကို လုပ်သောအချိန်မှသာ ကျူးအိမ်တော်၏ အမည်က ပါဝင်ပတ်သက်လာခြင်းဖြစ်သည်။
အကြွေးတောင်းရန် ဦးဆောင်လာသော လူက လယ်သမားတစ်ယောက်ဖြစ်ပြီး သူသည်လည်း အတင်းအကျပ် အကျပ်ကိုင်ရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ပေ။
တစ်ဖက်လူ ပြောသည့်အရာအား နားထောင်ပြီးနောက် တစ်ဖက်သူသည်လည်း သူ့ကြောင့် အနာတရဖြစ်သွားသည်အား မြင်ပြီးနောက်တွင် သူ၏လက်က ခွန်အားများကိုစိုက်ကာ တင်းကြပ်ထားမှုမှာလည်း ပြေလျော့သွားခဲ့သည်။
သို့သော် သူ၏နောက်မှ လူတစ်ယောက်ထံမှ အကြီးအကျယ် မရပ်မနား အသက်ရှူရပ်မတတ် ချောင်းဆိုးနေသည့် အသံအား ကြားလိုက်ရလေသည်။ ခေါင်းဆောင်လာသည့်လူက ခဏရပ်တန့်သွားခဲ့ပြီး တွေးတောလိုက်လေသည်။
‘ကျူးအိမ်တော်က ငါတို့ဆီမှာ အကြွေးတင်နေတာ နှစ်၀က်လောက် ရှိနေပေမဲ့ အခုထိလည်း ပြန်မပေးသေးဘူး၊ ဒါကို သူက နှစ်လအတွင်း ပြန်ဆပ်မယ်ဆိုပြီးပြောနေတယ်၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ’
အကြွေးလာတောင်းသော အုပ်စုထဲမှ လူများတွင် တချို့မှာ သူတို့၏ ကလေးများကို ကျောင်းထားရန် ငွေကြေးများလို၍ လာတောင်းခြင်းဖြစ်ကာ တချို့မှာမူ နေမကောင်းသဖြင့် ဆေးကုသစရိတ်ရရန် ပြန်လာတောင်းခြင်းဖြစ်သည်။
သူကသာ ဒီကိစ္စကို လွယ်လွယ်ကူကူလွှတ်ပေးလိုက်ပါလျှင် သူ၏နောက်မှ လိုက်ပါလာသူများ မည်သို့လုပ်ကိုင်ကြမည်နည်း။
ထိုသို့စဉ်းစားပြီးနောက် ခေါင်းဆောင်လာသည့်လူက သူ၏လက်ထဲမှ ထင်းချောင်းကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ မော့၀မ်ယွီအား ပြင်းထန်သောအကြည့်ဖြင့်ကြည့်ကာ အော်ပြောလိုက်သည်။
“ညီကိုတို့!!! ငါတို့ ဒီနေ့ ကျူးအိမ်တော်ကို ၀င်စီးမယ်၊ သူတို့ကို စကားမတည်မှုရဲ့ နောက်ဆက်တွဲက ဘာလဲဆိုတာကို ပြလိုက်ကြတာပေ့ါ”
တစ်ဖက်ကို သဘောပေါက်အောင် ပြောနိုင်လိုက်သည်ဟု တွေးထင်နေခဲ့သော မော့၀မ်ယွီတစ်ယောက် အလွန်ပင် ကြောင်အသွားခဲ့သည်။
‘ဘာလို့ ဒီလူတွေကို ညှိနှိုင်းမဲ့ အဆင့်ကိုတောင် မလာဘဲ ကျော်ချသွားကြတာလဲ?’
ထိုမျှတင်မကသေးချေ။ ထိုခေါင်းဆောင်လာသည့်လူသည်ကား ဖျောင်းဖျပြောဆို၍ ရနိုင်သော ပုံစံမျိုးမဟုတ်ပေ။
မော့၀မ်ယွီတစ်ယောက် မည်မျှ မကျေမနပ်ဖြစ်နေပါစေ ၊ သူ၏အရှေ့က လူအုပ်ကြီးက ကျူးအိမ်တော်အား စတင်ဖျက်ဆီးနေကြပြီဖြစ်သည်။
ထိုလူများက မြင်မြင်သမျှကို ဖျက်စီးနေခဲ့ကြပြီး အကယ်၍ ကျူးရှုကသာ လေပြေအေးဖြင့် သွားရောက် ဖျောင်းဖျ၍ တားမည်ဆိုလျှင်တောင်မှ အရပ်အမောင်းကွာခြားမှုကြောင့် တွန်းတိုက်ခံရပြီး အဝေးသို့လွင့်ထွက်သွားလိမ့်မည် ဖြစ်ပေသည်။
မကြာမီမှာပင် ချောက်ကပ်နေခဲ့သော ကျူးစံအိမ်ကြီးမှာ ရှုပ်ပွ၍ ဗြောင်းဆန်နေသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
အိမ်ရှိကြမ်းပြင်ပေါ်တွင် ကျိုးပဲ့သွားသော သစ်သားစားပွဲများ၊ ခုံများမှ ကျိုးပဲ့သွားသည့် သစ်သားအပိုင်းအဆများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
အစေခံများသည်လည်း အရှေ့သို့မထွက်ရဲ၍ ထောင့်အကွယ်နားတွင် စုနေခဲ့ကြပြီး ကြောက်လန့်တကြားဖြင့် အိမ်ထဲရှိမြင်ကွင်းကိုသာ ရပ်ကြည့်နေခဲ့ကြရသည်။
ကျူးရှုတ၀်ယောက် အလွန်ပင် စိုးရိမ်သွားခဲ့ရကာ အာ့ရှု၏ တားမြစ်ခြင်းကိုပင် လျစ်လျူရှု၍ ထိုလူအုပ်အား တားဆီးရန် ပြေးဝင်သွားခဲ့သည်။
ထိုလူအုပ်ကြီးကြောင့် ကျုးရှုတစ်ယောက် နှစ်ကြိမ်တိုင်တိုင် အတွန်းခံလိုက်ရသည့်အချိန်မှာတော့ မော့၀မ်ယွီက သူ၏အနီးသို့အမြန်လျှောက်လှမ်းလာပြီး ကျူးရှု၏ ခါးအား ပွေ့ဖက်ကာ ယိမ်းယိုင်နေသာ ကျူးရှု၏ နောက်ကျောအား ထိန်းကိုင်၍ ကာကွယ်ပေးလိုက်သည်။
ကျိုးရှုက အရှေ့သို့ပြန်တိုး၍ ပြန်လည်မတုန့်ပြန်နိုင်သေးခင်မှာပင် သူ၏ခါးထက်မှ တင်းကြပ်သောခွန်အားကို ခံစားမိခဲ့ပြီး သူ၏နောက်ဘက်မှလူက သူ့အား အားတစ်ခုဖြင့် တင်းတင်းဆွဲထားခဲ့ပြီး ဖက်ထားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
ကျိုးရှု သူ၏အနောက်ကလူထံမှ မွေးရနံ့ ခပ်သင်းသင်ကို ရှူရှိုက်လိုက်မိလေ၏။
သို့သော် ကျိုးရှုမှာ ထိုအရာအား ဂရုမစိုက်နိုင်သေးဘဲ အရှေ့မှလူများကိုသာ ရပ်ပြီး စူးစိုက်ကြည့်နေခဲ့သည်။
“အဲဒီကိုမသွားနဲ့....မင်းက သူတို့ကို တားလေလေ ၊ သူတို့က ပိုပျော်လေလေ ဖြစ်လိမ့်မယ်”
မော့၀မ်ယွီက သူ၏လက်မောင်းများအကြား ဖက်တွယ်ခံထားရသောသူ၏ နားအနီးသို့ကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
သူ၏အမြင်တွင်တော့ လူအုပ်ကြီးက အိမ်အတွင်းမှ စားပွဲများ၊ထိုင်ခုံများ၊မင်တံများကိုသာ ထု၍ရိုက်ခွဲနေကြသော်လည်း တကယ့်တန်ဖိုးကြီးသော အရာများကိုမူ မထိခဲ့ကြပေ။
အထူးသဖြင့် သူတို့အတွက် တန်ဖိုးရှိစေမည့် အရာများကို ရှောင်ခဲ့ကြသည်။
အမှန်တော့ ကျူးရှုလည်း ၎င်းအား သိသည်။ သို့သော်ငြား သူသည် ဤ ကျူးအိမ်တော်၏ ပိုင်ရှင်ဖြစ်၍ ဖျက်စီးခံနေရသော ပစ္စည်းများကလည်း ကျူးအိမ်တော်မှ ပစ္စည်းများဖြစ်နေသဖြင့် သူ မတားဆီးပဲ မည်သို့ နေနိုင်ပါမည်နည်း။
သူ၏ မိခင်နှင့်ဖခင် ပြန်ရောက်လာခဲ့ပြီး ဤမြင်ကွင်းအား မြင်လိုက်ရပါက ပို၍ ပူပန်သွားကြလိမ့်မည်။
လွန်ခဲ့သော ၆လခန့်မှစ၍ သူ၏ မိဘနှစ်ပါးမှာ ဤအရေးကိစ္စကြောင့် နေ့နေ့ညည စိုးရိမ်နေခဲ့ကြရခြင်းဖြစ်သည်။
သူလည်း ၀င်၍ ကူညီဖြေရှင်းပေးချင်သော်လည်း သူ့တွင် မည်သည့်စီးပွားရေးလုပ်ငန်းမှမရှိသည့်အတွက် မိဘများ စိတ်ပူပန်မှုလျော့အောင် ဖျောင်းဖျပေးပြီး ဘေးမှရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
သူ ထိုလူအုပ်ကို ထပ်မံဖျောင်းဖျချင်ခဲ့သော်လည်း မော့၀မ်ယွီက သူ့အား တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့ပြီး ရှေ့သို့ထွက်သွားခွင့်မပြုလဲ့ချေ။
ထိုကောင်လေးနှင့် သူ၏ ခွန်အားချင်း ကွာခြားမှုကြောင့် သူ မည်မျှပင်ကြိုးစားရုန်းကန်ပါစေ အရာမထင်ခဲ့ချေ။
အချိန်တစ်ခုကြာသည်အထိ ကြိုးစားရုန်းခဲ့သော်လည်း မည်သည်မျှဖြစ်မလာသောကြောင့် ကျူးရှု အရှုံးပေးလိုက်ရသည်။
“ကျွန်တော့်ကိုလွှတ်...”
သူ၏ရှေ့မှလူများက ပို၍ပျော်မြူးလာကြသည်အား မြင်သော် ကျူးရှု၏ မျက်နှာမှာ အေးစက်သထက် ပို၍အေးစက်လာခဲ့သည်။
သူထပ်ပြီးရုန်းမနေတော့ချေ။သူ၏သဘောထားက ပို၍ပင် ရိုးရှင်းကာလာ သူ့နောက်မှ မော့ဝမ်ယွီအား တံတောင်ဖြင့် လှမ်းထိုး၍ လွှတ်ပေးရန်ပြောခဲ့သည်။ ခဏခန့် ငြိမ်နေခဲ့ပြီးနောက် မော့၀မ်ယွီက ကျူးရှုအား လွှတ်ပေးခဲ့သည်။
ကျူးရှုတစ်ယောက် ကျူးအိမ်တော်ကြီး တစ်ခုလုံး အဖျက်စီးခံရပြီ ဟု တွေးမိလိုက်ချိန်မှာပင် မော့၀မ်ယွီက ထိုလူအုပ်အား မနှစ်မြို့လှသည့်အကြည့်မျိုးဖြင့်ကြည့်ကာ
တစ်စုံတစ်ခုအား တွေးမိသွားခဲ့ပြီး ပြုံးလိုက်လေ၏။ ထို့နောက် ခေါင်းကိုငုံ့ကာ သူ၏ရင်ခွင်ထဲရှိ ကျူးရှု၏ နားအနီး ကပ်၍ ပြောလိုက်သည်။
“ကိုယ်ကို စောင့်နေ”
*