အခန်း(4)
ကျူးရှု မော့ဝမ်ယွီ၏ အသံကြောင့် ရပ်တန့်သွားခဲ့ပြီး သူ၏ကိုယ်ပေါ်မှ လက်မောင်းများ အားလျော့သွားသည်ကို ခံစားလိုက်ရသည်။
သူပြန်မော့ကြည့်လိုက်ချိန်တွင် မော့၀မ်ယွီက အခွန်တည်ငြိမ်အေးဆေးစွာဖြင့် ဦးဆောင်သူ လူကြီးထံသို့ လမ်းလျှောက်သွားသည်အား တွေ့လိုက်ရသည်။
အကျိုးအပျက်များအကြား ထိုပိန်ပိန်ပါးပါး လူငယ်လေး၏ နောက်ကျောမြင်ကွင်းသည်ကားအလွန်အမင်း အထီးကျန်ဆန်နေခဲ့ကာ ရှင်းမပြနိုင်လောက်စွာဖြင့် ထိုသူ၏ဇွဲလုံ့လကိုလည်း ခံစားမိစေသည်။
ထို့နောက် မော့၀မ်ယွီက သူ၏ အကျီလက်အတွင်းမှ တစ်စုံတစ်ခုအား မသိမသာ ထုတ်လိုက်ပြီးနောက် သူ၏ ပုခုံးကို အားပြင်းပြင်းဖြင့် တစ်ချက် ရိုက်ချလိုက်လေသည်။
‘ဖောက်’ ခနဲ မြည်သံအချက်ထွက်လာပြီးနောက် မော့၀မ်ယွီ၏ ပုခုံးတစ်လျှောက် သွေးများ ဖြန်းပက်ထားသကဲ့သို့ နီရဲ စိုရွှဲသွားခဲ့လေသည်။
တစ်ဖက်မှာတော့ ကျူးအိမ်တော်အား ဖျက်စီးနေခဲ့သော လူကြီးက သူ၏နှလုံးသားမှ အပြစ်မကင်းသော ခံစားမှုမျိုး ခံစားလိုက်ရသည်။
အမှန်တကယ်တမ်းတွင် သူသည်လည်း ထိုကဲ့သို့ မလုပ်ချင်ခဲ့ပါချေ။
သူက သူ့ဘ၀သက်တမ်းတစ်လျှောက်မှာ တခြားသူတွေရဲ့အကျိုးကို ဆောင်ပေးခဲ့တဲ့ သာမန် လူတစ်ယောက်ပဲလေ။
ဒီလိုမျိုး သူတစ်ပါးရဲ့အိမ်ကို ၀င်ရောက်ဖျက်စီးရတာမျိုးက သူ့ကိုလည်း အလွန်အမင်း စိတ်ဆင်းရဲစေရျယ်။
တစ်ဖက်တွင် သူသည် မည်သို့သော ပြဿနာကိုမျှ မရှာချင်ခဲ့ပါချေ ။ တစ်ဖက်တွင်လည်း ကျူးမိသားစုအိမ်မှ သားမက်၏ ပြောစကားမှာ မှန်သလိုလို ထင်ရသည်။
‘သူတို့ဒီလိုတွေ လုပ်နေလို့လည်း ဘာမှမထူးဘူး ၊ ဒါပေမဲ့ ဘာဖြစ်လဲ၊ သူများအိမ်ကို စိတ်လိုက်မာန်ပါ ဖျက်စီးပြီးမှတော့ ခေါင်းငုံ့ပြီးတောင်းပန်လိုက်လို့မှ မရတော့ဘဲ”
ထိုအမျိုးသားကြီးသည်ကားအလွန်ပင် အကျပ်ရိုက်နေခဲ့ပြီး ထိုအခိုက်တွင် သူ၏နောက်မှလာသော ‘ဖောက်’ ဟူသော အသံအားကြားလိုက်ရလေသည်။
တစ်ဆက်တည်းမှာပင် ညည်းညူသံအနည်းငယ်ကိုလည်း ကြားလိုက်ရသည်။
သူ ကြောင်အမ်းသွားခဲ့ပြီး အသံလာရာကို တစ်ပတ်လှည့်၍ လိုက်ရှာခဲ့ရာ နောက်ဆုံး ထိုအသံသည်ကကား ပုခုံးထက်တွင် သွေးများဖြင့် စိုရွဲနေသော ကျူးမိသားစုအိမ်၏ သားမက် ထံမှဖြစ်မှန်း တွေ့လိုက်ရသည်။
သူ ကြည့်နေရင်းမှာပင် ထိုကောင်လေးမှာ နာကျင်မှုနှင့် ညည်းတွားရင်းပင် မြေပြင်သို့ ဒူးထောက်လျှက် ကျသွားလေသည်။
မော့၀မ်ယွီသည်ကား သူ၏ပုခုံးအား လက်ဖြင့်ဖိထားပြီး သူ၏နှုတ်ခမ်းများမှာလည်း အမှန်တကယ်ပင် ဝေဒနာခံစားနေရသကဲ့သို့ ဖြူဖျော့နေခဲ့သည့်အသွင်အား မြင်လိုက်ရချိန်တွင် ကျူးရှုတစ်ယောက် ကြောင်အနေခဲ့ပြီး နေရာမှာတင် ရပ်တန့်နေခဲ့သည်။
သူက နှုတ်ခမ်းကိုသာ ဖိကိုက်လိုက်ရင်း ကြည့်နေကာ မော့၀မ်ယွီထံသို့လည်း အကူအညီပေးရန် မလျှောက်သွားခဲ့ပေ။
ထိုအချိန်တွင် တစ်ဖက်လူ၏ မျက်နှာမှာ ဖြူဖျော့နေခဲ့ပြီဖြစ်သည်။
ထိုအသံအားကြားသည်နှင့် လူအုပ်ကြီးက လုပ်လက်စအရာများအား ချက်ချင်း ရပ်တန့်လိုက်ကြပြီး တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြသည်။
ယခုလေးတင် သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်သွားမှုများကို ကြည့်ပြီး မည်သူက ကျူးအိမ်မှ သားမက်အား ထိုသို့ဖြစ်အောင်လုပ်ခဲ့သည်အား မသိခဲ့ကြ။ လူတိုင်းက ဝေးဝေးတွင်သာရှိနေခဲ့ကြပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ဖြစ်ကြောင်းကို နားမလည်နိုင်ဖြစ်နေေခဲ့ကြရလေ၏။
မည်သူကမျှလည်း ကောင်လေး၏အနီးသို့ မကပ်ရဲဘဲ ထိတ်လန့်နေခဲ့ကြသည်။
သူတို့က မည်သူကိုမျှ ထိခိုက်ရန် မရည်ရွယ်ခဲ့ကြပါချေ။ ထိုသို့သာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ပါက တရားရုံးဆီသို့ ရောက်ရှိသွားမည်ဖြစ်၍ သူတို့၏ သတ္တိအား ဆယ်ဆတိုးလိုက်လျှင်ပင် ထိုသို့ မလုပ်နိုင်ကြပေ။
ဦးဆောင်သူ အမျိုးသားကြီး၏ မျက်နှာမှာ မဲမှောင်ကျသွားခဲ့ပြီး ကောင်လေး၏ ဒဏ်ရာကို အပြေးသွားကြည့်လေသည်။ သို့သော်လည်း သူ တစ်ဖက်လူအား ကူညီရန် အပြေးသွားလိုက်ချိန်တွင် ထူးဆန်းသော အနံ့တစ်ခုကို ရရှိလိုက်ပြီး ခြေလှမ်းများမှာ ရပ်တန့်သွားခဲ့ရသည်။
သူ မော့၀မ်ယွီ၏မျက်နှာအား တစ်ချက် ပြန်ကြည့်လိုက်ချိန်တွင်မူ ထိုကောင်လေး၏ အသွင်မှာ အလွန်နာကျင်နေဟန်ရှိသော်ငြား သူ၏ မျက်လုံးများမှာမူ အလွန်ကြည်လင်နေခဲ့လေသည်။
ထိုအမျိုးသားကြီးသည်ကား သူ၏ရင်ထဲမှ သံသယအား အတည်ပြုလိုက်ပြီးနောက် ထိုကိစ္စအား ဖော်ထုတ်မည့်အစား တစ်ဖက်သူ ထနိုင်ရန် ခါးအား တွဲမ၍ ကူညီပေးခဲ့သည်။
“အခု ခင်ဗျားတို့ဆီက အရိုက်လည်းခံရပြီး တိုက်ခိုက်တာလည်း ခံရပြီးပြီ အခု အသက်ရှူရတာတောင် ခက်ခဲနေပြီဆိုမှတော့ ကျွန်တော်တို့ ဆွေးနွေးဖို့ အချိန်တန်ပြီ မဟုတ်လား”
မော့၀မ်ယွီက လည်ချောင်းအတွင်းမှထွက်လာသော အချိန်နှင့်အမျှ နာကျင်နေဟန်ရှိသည့် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“မဟုတ်ရင်လည်း တရားခွင်ကို တိုင်လိုက်ရုံပဲပေါ့၊ ဒါဆိုရင်ဘယ်သူမှ အကျိုးမရှိလောက်တော့ဘူး”
မော့၀မ်ယွီ၏ အသံမှာ အလွန်တိုးနေသော်လည်း သူ ဒဏ်ရာရသွားကတည်းက တိတ်ဆိတ်သွားခဲ့သောပတ်၀န်းကျင်ကြောင့် သူ၏စကားသံကို လူတိုင်း ကြားနေရသည်။
ကျူးအိမ်တော်ကို ရိုက်ခွဲဖျက်ဆီးခဲ့သောသူများအားလုံးသည်ကား တရုားရုံးသို့ စွဲချက်တင်ခံရမည်အား အလွန်အမင်း ကြောက်ရွံ့နေခဲ့ကြသည်။
ထိုသို့သာ တရားစွဲခံရပါက ကိုယ်ထိလက်ရောက်ကျူးလွန်မှုကပါ ရောပါသွားပေလိမ့်မည်။
ဦးဆောင်သူအမျိုးသားကြီးက ကောင်လေးအား ပြန်ကြည့်လိုက်ပြီး “သူက ဆက်ပြီး သရုပ်ဆောင်နေတုန်းပဲ” ဟု တွေးလိုက်သော်လည်း ဆက်လက်တိတ်ဆဆိတ်ပေးနေခဲ့ကာ ထုတ်ဖော်ခြင်း မပြုခဲ့ပါချေ။
သူက မပျော်မရွှင်ဖြစ်ကာ လေးပင်နေသောဟန်ဖြင့် ဟန်ဆောင်၍ မေးလိုက်သည်။
“မင်းက ဘယ်လို ညှိနှိုင်းချင်လို့လဲ”
မော့၀မ်ယွီသည်ကား ဖြူဖျော့နေသောမျက်နှာဖြင့် တည်ငြိမ်စွာပင် ပြုံးလိုက်သည်။ ထို့နောက် ယခင်က သူ၏တောင်းဆိုချက်ကိုပင် ထပ်ပြောခဲ့သည်။
“ကျွန်တော်တို့ကို နှစ်လပဲအချိန်ပေးပါ၊ အကြွေးတွေကို ပြန်ဆပ်ပေးမဲ့ အပြင် စီးပွားရေးလုပ်ငန်း တစ်စိတ်တစ်ပိုင်းပါ ပေးမယ်၊ ခင်ဗျား တို့သဘောတူရင်တော့ တခြာ ဘာကိုမှ စိတ်ရှုပ်ခံစရာမလိုတော့ဘူး၊ သဘောမတူရင်တော့ ဒီနေ့ပဲ တရားရုံးကို တိုင်ချက်ပို့လိုက်မယ်လေ၊ အဲဒါဆိုရင် ခင်ဗျားတို့တွေ အကြွေးပြန်မရတဲ့အပြင် ရုံးကိုပါရောက်ရလိမ့်မယ်”
မော့၀မ်ယွီ၏ မိုးမခရွက် ကဲ့သို့သော မျက်လုံးများသည်ကား အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ပြီး စိတ်ကျေနပ်နေဟန်ပေါ်သည်။
သဘာ၀ဆန်ဆန် ချောမောသော ထိုလူငယ်လေး၏ မျက်ခုံးမျက်လုံးများမှာ လွတ်လပ်၍ ကြည်လင်ပေါ့ပါးသော အသွင်ရှိပြီး “ဤလူကတော့ အမှန်တကယ်ရိုးသားပြီး ဘယ်တော့မှ အလိမ်အညာ စကား ပြောမှာမဟုတ်” ဟု ထင်မှတ်သွားစေနိုင်သည်။
သို့သော်ငြား ထိုအမျိုးသားကြီး သည်ကား ဤလူငယ်လေးသည် ဤမျှမရိုးစင်းကြောင်း သိထားပြီးဖြစ်သည်။
တစ်ဖက်မှပြောသည်မှာ မှန်နေသည့်အတွက် သူတို့ ယခုလို အကျယ်အကျယ် ပြဿနာများ ဆက်လုပ်နေမည်ဆိုပါက အကျိုးမရှိနိုင်သလို ကောင်းသော ရလာဒ်ဖြင့်လည်း အဆုံးသတ်နိုင်မည် မဟုတ်ပေ။
ထိုအစား ညှိနှိုင်းမှုအား လက်ခံပြီး တစ်ဖက်လူကို ဤကိစ္စများကို ဖြေရှင်းခိုင်းခြင်းကသာ ပို၍ကောင်းသော ရွေးချယ်မှုဖြစ်သည်။ အမျိုးသားကြီးက စိတ်လျော့ကာ သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
စိတ်မြန်လက်မြန်ရှိသော လူတစ်ဦးက လူကြီးသဘောတူလိုက်သည်ကို ကြားသောအခါ မကျေနပ်ဖြစ်၍ မျက်မှောင်ကြုတ်ပြီး အော်ပြောလိုက်သည်။
“ဒီအတိုင်း လွှတ်ပေးလိုက်မယ် ဟုတ်လား၊ သူတို့က ငါတို့ကို လိမ်ပြီး ထွက်ပြေးသွားရင်ကော?”
သူတို့သည်ကား အရူးများမဟုတ်ကြပေ။ တစ်ကြိမ် လှည့်စားခံရပြီးနောက် ထပ်မံ၍ အလှည့်စားမခံနိုင်တော့။
ထိုမျှမကသေး ညှိနှိုင်းနေသူက ကျူးအိမ်က လူလည်းမဟုတ်နေပေ။ အိမ်သို့ ဝင်ရောက်လာသော သားမက်သာဖြစ်သည်။
သူတို့က အဘယ်သို့ ယုံကြည်ရပါမည်နည်း။
ဤမိသားစုအိမ်ကလည်း ပုံမှန်ထက်ပိုသော အကြွေးများစွာရှိနေသေးသည်ဖြစ်၍ လူအများမှာ မကျေနပ်မှု ပိုမို ပြင်းထန်လာခဲ့ကြသည်။
“ကျွန်တော် ထွက်ပြေးချင်တယ်ဆိုရင်တောင် ဘုရားကျောင်းတိုင်က ဘုရားကျောင်းကနေ ထွက်ပြေးလို့မရဘူးလေ၊ ကျုးမိသားစုကြီးက ဒီမှာရှိနေတာကို ဘယ်ကိုများပြေးနိုင်မှာလဲ”
မော့၀မ်ယွီသည် ထိုလူ့အား မျက်ခုံးပင့်၍ ကြည့်လိုက်ပြီး သူ၏ မိုးမခရွက်များလို မြေခွေးမျက်လုံးလေးများမှာလည်း အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
“ဒါ့အပြင် ရုံးတော်ကို တိုင်ဖို့ဆိုတာကလည်း ဖြစ်မဖြစ်ဆိုတာ...ခင်ဗျားတို့အပေါ်ကိုပဲ မူတည်တယ်”
အပေါ်ယံတော့ဖြင့် ထိုစကားမှာ ထိန်းချုပ်ချယ်လှယ်လိုသော သဘောရှိသော်လည်း တကယ်တမ်းတွင် သူက စနောက်နေခြင်းသာဖြစ်သည်။
ထိုလူများက ရုံးသို့အတိုင်ခံရမည်ကို ကြောက်ရွံ့နေခဲ့ကြသည်အား သူရိပ်မိခဲ့သည်။ သူတစ်ပါးအား ကိုယ်ထိလက်ရောက်ကျုးလွန်မှု၏ အပြစ်ဒဏ်က ပေါ့သေးသေး မဟုတ်ချေ။
ထိုလူကလည်း ရွာသားဖြစ်သော်ငြား ဥပဒေအား သိသည်။ ကောင်လေး၏ မျက်လုံးအကြည့်များကို မြင်သော် စိတ်လှုပ်ရှားမှုဖြင့် သူအံကိုကြိတ်ကာ နောက်ဆုတ်လိုက်လေသည်။
ခေါင်းဆောင် အမျိုးသားကြီးက မော့၀မ်ယွီ၏ ပုခုံးထက်သို့ တစ်ခါကြည့်လိုက်ကာ သက်ပြင်းချပြီးနောက် ပြောလာခဲ့လေသည်။
သွေးထွက်ပြီး ထိခိုက်သွားသော ပုခုံးအား ထိန်းကိုင်ထားပြီး ထိုလူတစ်စုအား ပြန်လွှတ်နိုင်လိုက်ပြီးနောက်မှ မော့၀မ်ယွီတစ်ယောက် သက်ပြင်း အသာချနိုင်တော့သည်။
တံခါးအား ပိတ်ပြီးနောက်တွင် အားရှုက သူ၏ဒဏ်ရာအားမြင်သော် စိတ်ပူပြီး သူ့ဆီသို့ အမြန် လျှောက်လာ၍ မေးခဲ့သည်။
“ရှီးရယ်...အဲဒါက အရမ်းနာနေမယ်ထင်တယ်၊ ကျွန်တော် ပတ်တီးစီးပေးမယ်လေ”
အားရှုက မော့၀မ်ယွီ သူ့ကိုယ်သူ ရိုက်ခဲ့သည့်အချိန်က အိမ်ကိုဖျက်စီးနေသော လူများအား ကြောက်လန့်တကြား ကြည့်နေခဲ့သည်ဖြစ်၍ မမြင်လိုက်ပါချေ။
သူအသံကြား၍ လှမ်းကြည့်လိုက်ချိန်တွင် မော့၀မ်ယွီက မြေပြင်ပေါ်တွင် ဒူးထောက်ကျနေပြီဖြစ်သည်။
ထိုအခိုက်တွင် သူတို့သခင်လေးမှာလည်း မျက်နှာထက်တွင် ခံစားချက်မရှိသကဲ့သို့ ထင်ရကာ ထိတ်လန့်နေဟန်မရှိသကဲ့သို့ ထင်မြင်ရသည်။ တစ်နည်းအားဖြင့် သူသည်ကားရှေ့သို့ထွက်ပြီး ရှီးရယ်အား ကယ်ရန် နည်းနည်းလေးမျှပင် စိတ်ကူးမရှိသည့် ပုံပေါ်သည်။
မော့၀မ်ယွီက ပျော်ရွှင်စွာ ပြုံးလိုက်ပြီးနောက် သူအဆင်ပြေကြောင်း ပြောရန်ပြင်လိုက်ချိန််မှာပင် မျက်မှောင်ကြုတ်၍ သူ့အား တိတ်တဆိတ် ကြည့်နေသော ကျူးသခင်လေးအား မြင်လိုက်ရလေသည်။
ကျူးရှုက သူ့၏ပုခုံးအား တစ်ချက်ဝေ့ကြည့်ပြီးနောက် သူ၏လည်ပင်းထံသို့ ခံစားချက်များစွာပါဝင်နေသော ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ကြည့်နေလေသည်။
ထို့နောက်တွင် သိမ်မွေ့သော ဝါးရနံ့ သင်းသင်းလေးအား သူ၏အနားတွင်ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ ဝါးရုံတောတစ်ခုထဲသို့ရောက်သွားပြီး သူ့နံဘေးတွင် ဝါးပင်လေးများက ယိမ်းနွဲ့နေသလိုမျိုး
ပင် ဖြစ်နေခဲ့သည်။
အဆုံးသတ်တွင်တော့ အနည်းငယ် အေးစက်စက်ဖြစ်နေသော လက်ချောင်းထိပ်ကလေးများက သူ၏လည်ပင်းဒဏ်ရာနားတစ်ဝိုက်ဆီသို့ လာရောက်ထိတွေ့ခဲ့ကာ သူ၏ဒဏ်ရာအား သက်သာစေရန်အလို့ငှာ ထပ်ကာထပ်ကာ ပွတ်သပ်ပေးလာခဲ့သည်။
“နာနေလား...”
နူးညံ့သိမ်မွေ့သော လက်လှုပ်ရှားမှုများနှင့် ဆန့်ကျင်လျက် သခင်ငယ်လေး၏ အသံမှာ အေးစက်၍ ကွဲအက်နေဟန်ပေါ်သည်။
ထိုကဲ့သို့ ထူးမခြားနားသော အသံလေးသည်ကား နွေဦးတွင် ပါးလွှာသော အေးစက်စက် လှိုင်းလေးများနှင့် တူပေသည်။ ထိုခံစားချက်ကင်းမဲ့သော အသံလေးအား ကြားလိုက်ရသည်ကပင် အလွန်အမင်း စိတ်ကျေနပ်ဖွယ်ကောင်းလှသည်။
မော့၀မ်ယွီ ငုံ့ကြည့်လိုက်ချိန်တွင် သူနှင့် နီးကပ်စွာ ရှိနေသော ကောလေး၏ ဗာဒံစေ့ မျက်၀န်းတစ်စုံဖြင့် တွေ့ဆုံမိသည်။ ထိုမျက်၀န်းလေးထဲတွင် ရှင်းပြ၍မရနိုင်သော ခံစားချက်များရှိနေပြီး သိပ်သည်းသော မျက်တောင်ရှည်ကလေးများက လိပ်ပြာကလေး ကဲ့သို့ပင် ညင်သာစွာ တစ်ဖျတ်ဖျတ် ခတ်နေခဲ့သည်။
မော့ဝမ်ယွီတစ်ယောက် သူ၏ ပါးစပ်မှ ထွက်ခါနီးဖြစ်သွားသော “မနာပါဘူး” ဟူသည့်စကားအား အမြန်အရှိန်သတ်လိုက်မိသည်။
မော့၀မ်ယွီ၏ လည်စလုတ်က လှုပ်ရှားသွားခဲ့ပြီး မျက်လုံးများမှာ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ကာ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားခဲ့သည်။
“အဲဒါက နာတယ်... အရမ်းနာနေတယ်”