အခန်း(5)
ညအချိန်ရောက်သော် ကြည်လဲ့သော လရောင်က ခြောက်ကပ်ကာအထီးကျန်ဆန်သော ကျူးအိမ်တော်၏ ခြံ၀င်းအတွင်း အလင်းပေါက်ကလေးများပေါ်ကာ ဖြာကျနေခဲ့သည်။
အိမ်တွင်ဖြစ်ပျက်ခဲ့သော အရာများအား မည်သူကမျှ မရှင်းလင်းရသေးပါချေ။ ခြံ၀င်းထဲတွင်လည်း သစ်ရွက်ကြွေများ၊ သစ်ကိုင်းခြောက်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ခြံ၀င်းထဲတွင်ရှိနေသည့် အိမ်ခန်းအပေါ်မှနေ၍ မော့၀မ်ယွီတစ်ယောက် ထိုအခြေအနေအား ဆက်လက်ကြည့်ရှိနေလိုစိတ် မရှိတော့။
ထိုအစား သူ၏အနာကို ဆေးထည့်ပေးရန် တည်ငြိမ်အေးဆေးစွာ ပြင်ဆင်နေသည့် ကျူးရှု ကိုသာ ကြည့်နေရင်း ရှင်းမပြနိုင်လောက်သည့် ထိတ်လန့်တုန်လှုပ်မှုကိုသာ ခံစားလာခဲ့ရသည်။
သူ တုန်လှုပ်သွားရသော အကြောင်းမှာ တစ်ဖက်လူ၏ ချောမောမှုကြောင့်မဟုတ်ဘဲ သူအမှားတစ်ခု လုပ်ခဲ့မိသည် ဟုခံစားနေရသောကြောင့်သာဖြစ်ချေသည်။
အမှန်တကယ်တွင် သူ့၏ပုခုံးထက်မှ ဒဏ်ရာသည်ကညး အတုသာဖြစ်ပြီး လက်ရှိတွင် ထိုဒဏ်ရာကြောင့်ပင် လူတိုင်းက စိတ်ပူနေခဲ့ကြခြင်းဖြစ်သည်။
ကျူးရှုက မော့၀မ်ယွီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး သူ၏ရှေ့မှလူငယ်လေးမှာ တစ်ခုခု ကို အမှားလုပ်သားသကဲ့သို့ ခေါင်းပင်မတ်မတ်ထောင်နိုင်ရန်အတွက်ပင် ကြိုးစားနေရသည်အား တွေ့လိုက်ရသဖြင့် သူအသာပြုံးလိုက်ကာ ထိုလူငယ်၏ပုခုံးနေရာကို ကျော်သွားလိုက်ပြီး လည်ပင်းမှဒဏ်ရာကိုသာ ဆေးထည့်ရန်ပြင်လိုက်သည်။
“သခင်လေး.... ဘာလို့ ရှီးရယ်ပုခုံးက ဒဏ်ရာကြီးကို အရင်မလုပ်ပေးတာလဲ၊ အဲဒီဒဏ်ရာကြီးက သွေးတွေ အများကြီး ရွှဲနေတာ ကြည့်ရတာတောင် ကြောက်စရာကောင်းနေတယ်”
အားရှုက ဘေးတွင် ဆေးပစ္စည်းများအား ကိုင်ထားပေးရင်း အနည်းငယ် လွဲမှားနေသကဲ့သို့ ပြောလိုက်သည်။
သူ့အနေဖြင့် ထိုဒဏ်ရာအား ကြည့်နေရင်းပင် မသက်မသာခံစားလိုက်ရသည်။ ရှီးရယ်၏ အ၀တ်များက သွေးဖြင့် စိုရွှဲနေပြီး ဖြစ်သော်ငြား ထိုသူသည်ကား မည်သည့်အရာမှမဖြစ်ခဲ့သလိုပင် ရှိနေခဲ့ကာ နာကျင်သည့်အကြောင်းကို တစ်ချက်မှမပြောခဲ့ပါချေ။
ကျူးရှုက မော့၀မ်ယွီအား မျက်လုံးပင့်ကြည့်လိုက်ပြီး စကားလည်းမပြောသကဲ့သို့၊ နေရာလည်းမပြောင်းပါဘဲ လည်ပင်းမှအနာကိုသာ ဆက်လက်၍ ကုသပေးခဲ့သည်။
ထိုအနာက သေးငယ်သော်လည်း ရှည်လျားပြီး ယခုအချိန်ထိ သွေးစများ ထွက်နေဆဲပင်ဖြစ်သည်။
မျက်လုံးကို အမြင်စူးစေသည့် အနီတောက်တောက်သွေးစများက သူ၏လည်ပင်းထက်တွင် ရှိနေသည်။
ကျူးရှု လူငယ်လေး၏ ဒဏ်ရာအနီး၀န်းကျင်ရှိ ခြောက်သွေ့နေသော သွေးစသွေးနများအား ဂရုတစိုက် ပွတ်သုတ်ပေးလိုက်ပြီး ဆေးမှုန့်များအား အနာပေါ်သို့ ဖြူးပေးလိုက်ကာ အသက်ရှူချောင်စေလောက်ရုံမျှ ပိတ်ကျဲစဖြင့် အသာအယာ ပတ်စီးပေးလိုက်သည်။
ထို့နောက်တွင် ကျူးရှုက အားရှုအား ညစာစားရန် သွားရောက်ပြင်ဆင်ခိုင်းပြီး တစ်ဖက်လူ၏ ပုခုံးအား ကြည့်လိုက်လေသည်။ သူ၏ ဖျော့တော့တော့ သူငယ်အိမ်တွင်တော့ အမည်မသိခံစားချက်များနှင့် ပြည့်နှက်နေခဲ့သည်။
“ဘယ်အချိန်က အဲဒီအသီးကို ယူလိုက်တာလဲ”
ကျူးရှု သူ့အရှေ့မှ လူငယ်လေး၏ အကျီလက်အား ပင့်တင်လိုက်ပြီး ပုခုံးတစ်ဝိုက်တွင် ကပ်ကျန်နေသော သစ်သီးအစအနများအား ဖယ်ပေးလိုက်သည်။
သစ်သီး၏ အတွင်းသား နီရဲရဲများက အပြာရင့်ရောင် အကျီပိတ်သားနှင့် ရောနှောသွားသောအခါ သွေးနှင့်တူသွားခဲ့ပြီး သေချာမကြည့်မိပါက တကယ်ပင် သွေးများဖြင့် စိုရွဲနေသည်ဟု ထင်မိစေလိမ့်မည်။
ထိုမေးခွန်းအား ကြားပြီးနောက် မော့၀မ်ယွီ စိတ်လှုပ်ရှားသွားခဲ့ပြီး အနည်းငယ်ရယ်ကျဲကျဲလုပ်၍ ပေါ့ပါးနေဟန်ဆောင်ကာပြန်ဖြေလိုက်သည်။
“အစကတည်းက ဒီလူတွေ လွယ်လွယ်နဲ့ လက်လျော့ကြမှာမဟုတ်ဘူးဆိုတာ ကိုယ်သိတယ်လေ... အိမ်ထဲကထွက်လာတုန်းက အဲဒီအသီးတွေကို တွေ့တာနဲ့ လိုရင်စုံးလို့ရအောင်ဆိုပြီး ယူလာခဲ့တာ ၊ အခုတော့ တကယ်ကြီးအသုံး၀င်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
သူက ပျော်ရွှင်စွာ ရှင်းပြနေခဲ့ပြီး အနည်းငယ်မျှပင် အပြစ်မရှိသည့်ဟန်ပေါ်နေခဲ့သည်။
မော့၀မ်ယွီက မျက်လုံးများကို ပင့်မ,၍ သိချင်စွာဖြင့် မေးလိုက်လေသည်။
“မင်း ဘယ်လိုသိသွားတာလဲ...”
အမှန်တော့ သူ၏ ပုခုံးထက်မှ ဒဏ်ရာသည်ကား အပေါ်ယံမျက်နှာဖုံးသက်သက်သာဖြစ်ပြီး အစစ်အမှန် ဒဏ်ရာရခဲ့ခြင်းမဟုတ်ပေ။
သွေးများကလည်း အနီရောင်ရဲရဲရှိသော အသီးတစ်မျိုးထံမှ အရည်များသာ ဖြစ်ချေသည်။ ထိုအသီးမှာ အရည်ရွမ်းပြီး ချဉ်သောအရသာရှိ၍ ခေတ်သစ်မှ လယ်ယာစိုက်ပျိုးသူများအနေဖြင့် နေရာတိုင်း၌ မြင်တွေ့နေကျအသီးမျိုးသာဖြစ်သည်။
မော့ဝမ်ယွီမှာ ငယ်ရွယ်စဥ်အချိန်တုန်းက နယ်ဘက်တွင် ကြီးပြင်းခဲ့ခြင်းဖြစ်ပြီး အလှမ်းဝေးသော ဆွေမျိုးများနှင့် တူတူနေခဲ့ရကာ ထိုသို့သော အသီးမျိုးအား မကြာခဏ တွေ့ဖူးခဲ့သည်။
ကလေးဘ၀တွင် အလွန်အဆော့သန်ပြီး တိုက်ခိုက်သည့်ကစားနည်းမျိုး ကစားရာတွင်လည်း ထိုအသီးအား သုံးခဲ့ဖူးသည်။ ထိုအသီးဖြင့် တစ်ဖက်သူအား ပစ်ပေါက်လိုက်ပါက အပစ်ခံလိုက်ရသူထံတွင် သွေးထွက်ပြီး ဒဏ်ရာရသွားသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သူ တိုင်လုံးအား မှီ၍ ရပ်နေစဉ် နံဘေးရှိ ထိုအသီးများအား တွေ့လိုက်ပြီးနောက် မသိစိတ်မှ ‘အသုံး၀င်လောက်သည်’ ဟုတွေးမိကာ အနည်းငယ်ယူပြီး အကျီလက်အတွင်းသို့ ဝှက်ယူလာခဲ့ခြင်းဖြစ်သည်။
“ခေါင်းဆောင်လူကြီးက ကိစ္စတွေကို ဆိုး၀ါးအောင် လုပ်ချင်စိတ်မရှိတာကို ကိုယ်သဘောပေါက်လိုက်လို့လေ၊ သူက ဘယ်သူ့ကိုမှလည်း ထိခိုက်အောင် မလုပ်ချင်ခဲ့ဘူး...အဲဒါကြောင့် ကိုယ်လည်း ဒီလို လှည့်ဖျားတဲ့နည်းသုံးပြီး သူတို့ကို ပ,ထုတ်လွှတ်လိုက်ရုံပဲ တတ်နိုင်ခဲ့တယ်”
မော့၀မ်ယွီ မျက်တောင်တစ်ချက်ခတ်လိုက်ပြီး လှည့်စားတတ်သော အပြုံးတစ်ခုဖြင့် ဆက်ပြောလိုက်သည်။
“အဲဒီအသီးရဲ့ အတွင်းသားက အရမ်းနူးညံ့တယ် နည်းနည်းလောက်ကို အိတ်လေးထဲမှာ ထည့်ပြီး အားနဲ့ရိုက်ချလိုက်တာနဲ့ သွေးလိုမျိုး အရည်တွေ ပေါက်ထွက်လာလိမ့်မယ်”
ပြောပြနေရင်းပင် သူ၏ပုခုံးအား လှမ်းပုတ်ပြလိုက်သည်။ သို့သော် လက်က သူ့လည်ပင်းမှဒဏ်ရာအား ချော်ထိသွားသောကြောင့် အလွန်နာကျင်ရသွားပြီး ပင့်သက်ရှိုက်မိလိုက်လေသည်။
သူ၏ ပုခုံးမှ ဒဏ်ရာက အတုဖြစ်သော်လည်း လည်ပင်းမှတစ်ခုကတော့ဖြင့် ဒဏ်ရာအစစ်သာဖြစ်သည်လေ။ မော့၀မ်ယွီသည်ကား ငယ်စဉ်ကတည်းက အနာတရဖြစ်သည်ကို ကြောက်ရွံ့သောသူဖြစ်သည်။
ဤဒဏ်ရာသည်က မူလပိုင်ရှင်၏ ခန္ဓာကိုယ်တွင် ဖြစ်သော်လည်း သူကြောက်ရွံ့သော နာကျင်မှုအား ခံစားရသည်မှာတော့ အတူတူပင်ဖြစ်ပေသည်။
ကျူးရှုက သူ့အားကြည့်၍ ပြောလာသည်။
“ဒီအသီးက ချဉ်နံ့ထွက်တယ်လေ...တစ်ယောက်ယောက်က မင်းအနားကိုလာလို့ ချဉ်စူးစူးအနံ့ကို ရပြီး သိသွားရင် အသုံးမ၀င်တော့ဘူးမလား...ဒါ့အပြင် အဲဒီလူက ရန်မလိုပါဘူးလို့ ခင်ဗျား အသေအချာသိနေလို့လား”
ကျူးရှုသည်ကား မော့ဝမ်ယွီတစ်ယောက် အကျီလက်ထဲမှ ထိုအသီးများအား ထုတ်ယူလိုက်သည့်အချိန်ကတည်းက မြင်တွေ့ခဲ့သည်။
အတုအယောင်မှန်း သိသော်လည်း ထိုသူ၏ ပုခုံးတွင် သွေးများရွှဲနစ်သွားသည်အား မြင်လိုက်ရချိန်၌ သူ၏နှလုံးခုန်သံကပင် ကစဉ့်ကလျားဖြစ်သွားခဲ့ရသည်။
‘အကယ်၍သာ ဒဏ်ရာအစစ်ဖြစ်ခဲ့ရင်ကော ဘယ်လိုလုပ်ရပါ့မလဲ’ ဟုတွေးမိလာခဲ့ရသည်။
ကျူးရှု၏စကားသံက အနည်းငယ် အေးစက်နေခဲ့ကာ လရောင်ကဲ့သို့ အလင်းရောင်ရှိနေသည်မှာထင်ရှားပြီး တစ်ချိန်တည်းမှာပင် ဖမ်းဆုပ်ရခက်သည်။ ကြားရသူအတွက် အမြဲတစေ အကွာအဝေးတစ်ခု ခြားထားသကဲ့သို့ ခံစားမိစေနိုင်သည်။
သို့သော် မော့၀မ်ယွီကတော့ ငယ်စဉ်ကတည်းက ပျော်ပျော်နေတတ်ပြီး လူတိုင်းနှင့် ကောင်းကောင်းမွန်မွန် ဆက်ဆံကာ ပြုံးရယ်နေတတ်သော လူငယ်တစ်ယောက်ဖြစ်ပေသည်။
ပြောရဆိုရ လက်ပေါက်ကပ်သောသူ၊ သူမှမတားပါက ဒုက္ခရောက်မည့်သူ၊မြေခွေးကဲ့သို့ ကောက်ကျစ်တတ်သူ၊ စသည်ဖြင့် လူအမျိုးမျိုးနှင့် ကြုံဆုံခဲ့ရသည်။
အတိုချုံးပြောရမည်ဆိုပါက လူ့ဘ၀တွင် နေထိုင်တတ်ရန် ကလေးဘ၀ကတည်းက လူမျိုးစုံနှင့် အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံတတ်ဖို့ လေ့လာတတ်ခဲ့ခြင်း ဖြစ်သည်။ ယခုတွင်မူ သူ မည်သူ့ကိုမျှ ကြောက်ရွံ့မနေတော့ချေ။
မော့၀မ်ယွီသည် ရှက်ရွံ့သည့်ဟန်ဖြင့် ပြုံးလိုက်ပြီး ပြန်လည်ဖြေပေးခဲ့သည်။
“ဒါကတော့ အလောင်းအစားတစ်ခုပဲလေ၊ တခြားသူတွေက ကိုယ်ဒဏ်ရာရတယ်ဆိုတာကိုမြက်တော့ သွေးတွေရှိနေတဲ့လူရဲ့အနားကို ဘယ်သူမှမလာကြဘူးလေ ၊ ကိုယ့်ကြောင့် သူတို့ကို ပါဝင်ပတ်သက်သွားရမှာကို စိုးရိမ်နေကြတာ...ဒါပေမဲ့ အဲဒီလူအတွက်ကတော့.. အင်း...ဒီတိုင်းပဲ ခန့်မှန်းလိုက်တာပါ”
မော့၀မ်ယွီက အရေးကြီးသည့် အချက်များကို ဖယ်ထားပြီး ရှင်းပြလိုက်ခြင်းဖြစ်သည်။ အမှန်တကယ်တမ်းတွင်တော့ မော့၀မ်ယွီ ခန့်မှန်းခဲ့ရုံသက်သက်မဟုတ်ပါချေ။
ထိုလူကြီးကသာ ရန်လိုသောသူဆိုပါက အစကတည်းက စကား ရှည်ရှည်ဝေးဝေး အများကြီး ပြောနေမည်မဟုတ်ပေ။ သူသည်ကား မည်သည့်အရာကို လုပ်ရမည်ကို မသိသဖြင့် မှုန်ဝါးဝါးဖြစ်နေခဲ့ခြင်းသာဖြစ်သည်။
‘နှစ်ဦးနှစ်ဖက် အဆင်ပြေရင် ဒါကို လိမ်လည်တယ်လို့ မသတ်မှတ်ဘူး’
မော့၀မ်ယွီ တွေးတောလိုက်ကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းတစ်ဆတ်ဆတ် ငြိမ့်လိုက်သည်။
နက်ရှိုက်လှသော ရေတွင်းလေးများနှင့်တူသော ကျူးရှု၏ မျက်လုံးလေးများအတွင်းတွင် ရေလှိုင်းလေးများ ဖြတ်ပြေးသွားခဲ့သယောင် လှုပ်ခတ်မှုများဖြတ်ပြေးသွားခဲ့ပြီး ဖြူဖျော့ဖျော့ နှုတ်ခမ်းလေးက အနည်းငယ်လှုပ်ရှားသွားခဲ့သည်။ သို့သော် အချိန်အတန်ကြာ၉ည်အထိ မည်သည့်စကားကိုမျှ ထပ်မပြောလာခဲ့ပါချေ။
ယခုကာလမှာ ဆောင်းဦးအစပိုင်း ဖြစ်၍ ညဘက်တွင် အအေးဓာတ်က အကဲပိုလာသည်။ ထို့အပြင် မော့၀မ်ယွီသည်ကား ယနေ့တွင် ရေထဲသို့ ပြုတ်ကျခဲ့ပြီး ဒဏ်ရာလည်းရခဲ့သေးသည်။
ရာသီဥတုက အေးလာသောကြောင့် သူတို့နှစ်ယောက် အပြင်တွင် ဆက်ထိုင်မနေနိုင်တော့ဘဲ အခန်းတွင်းသို့ ၀င်ခဲ့ကြသည်။
လက်ထပ်ပြီးချိန်ကတည်းက မူလပိုင်ရှင်နှင့် ကျူးရှုတို့သည်ကား တစ်ခန်းထဲတွင် အတူမနေခဲ့ကြပဲ ဘေးကပ်ရပ်အခန်းများတွင်သာ နေခဲ့ကြသည်။
မော့ဝမ်ယွီ နိုးလာသည့်အချိန်က မြင်ခဲ့ရသော အခန်းမှာ ကျူးရှုအခန်း၏ ဘေးဘက်မှ အခန်းဖြစ်ပေးသည်။ ဘေးခန်းတွင်နေရသော်လည်း အစစအရာရာပြည့်စုံပြီး ဆိုးရွားစွာ ဆက်ဆံခံရခြင်းမျိုး မရှိခဲ့ပါချေ။
အိမ်အတွင်းသို့၀င်ခဲ့ပြီးနောက် အေးစက်သည့် လေအေးဒဏ်ကြောင့် တောင့်တင်းနေခဲ့သော လက်မောင်းသားများသည်လည်း ပြန်၍ နွေးထွေးလာခဲ့သည်။
သူ၏အနောက်မှ လိုက်လာသော ကျူးရှုအားမြင်သော် မော့ဝမ်ယွီ အနည်းငယ်အံ့ဩသွားပြီး မေးမြန်းလိုက်လေ၏။
“မင်း .. အခန်းကိုမပြန်ဘူးလား”
ကျူးရှုက သူ့အား စိုက်ကြည့်လာခဲ့သော်လည်း မည်သည်ကိုမှပြန်မပြောခဲ့ချေ။
ထိုအချိန်တွင် ကျူးရှု ပြင်ခိုင်းထားသော အစားအစာကို အားရှုက ယူဆောင်ကာ ပို့ပေးလာခဲ့သည်
ကျူးရှုက မော့၀မ်ယွီတစ်ယောက် နိုးကတည်းက မည်သည့် အစာကိုမျှ မစားရသေးသည်အား သိထားသည်။
ထို့အပြင် ယနေ့ ကြုံတွေ့ခဲ့ရသောကိစ္စများကြောင့် ယခုအချိန်တွင် ထိုသူသည်ကား အလွန်အမင်း ဆာလောင်နေလောက်ပြီဖြစ်သည်။
ထို့ကြောင့် စားဖိုဆောင်အား ပူပူနွေးနွေး စားစရာများ ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည်။
မော့၀မ်ယွီက အမှန်တကယ် ဒဏ်ရာရခဲ့ခြင်းမဟုတ်ကြောင်းနှင်း အကျိုးအကြောင်းများကို သိပြီးနောက်တွင် အားရှုသည်လည်း တိတ်တဆိတ်သာ အစားအသောက်များအား နေရာချပေးနေခဲ့သည်။
ဟင်းလျာပေါ်တွင် အုပ်ထားသော ပန်းကန်အဖုံးအား မလိုက်သည်နှင့် တစ်ပြိုင်နက် ထူးခြားသော ရနံ့တစ်ခုက သူ၏မျက်နှာသို့ လာရောက်ရိုက်ခတ်ပြီး မော့၀မ်ယွီ၏ အစာအိမ်က အချက်ပြလာခဲ့သည်။
သို့သော် မွှေးရနံ့သည် ရနံ့သက်သက်သာဖြစ်ခဲ့သည်။ မော့၀မ်ယွီ၏ အပျော်များက ဟင်းများ၏အဖုံးအားဖွင့်လိုက်ပြီး တူကိုကိုင်ကာ အထဲမှ ပြုတ်ထား၊ ပေါင်းထားသော အစားအစာများကို မမြည်းကြည့်ခင်အထိသာ ကြာရှည်ဖြစ်ခဲ့လေသည်။
*