Ch 6
Viewers 1k

အခန်း(6)


ထိုဟင်းလျာများသည်ကား ပေါ့ရွှတ်နေခဲ့ပြီး အရသာမဲ့နေခဲ့သည်။ ဤသည်က အစပ်ကြိုက်သော မော့၀မ်ယွီလိုလူမျိုးအတွက် အနည်းငယ် ခက်ခဲစေခဲ့သည်ပင်။


“ဒါက မင်းတို့ စားနေကျဟင်းလား...”


အားရှုက သူ၏အမေးအား နားမလည်ဟန်ဖြင့် ပြန်ပြောလိုက်သည်။


“ဟုတ်တယ်လေ...ဒါမဟုတ်ဘဲ တခြား ဘာစားစရာများ ထပ်ပြီးရှိ‌လို့လဲ ရှီးရယ်”


သူတို့၏ အိမ်တော်မှ စားဖိုမှူးမှာ ထွက်သွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ အိမ်မှ အစေခံများကလည်း ချက်တတ်သည့်အရာမှာ ထို ပြုတ်ထား ၊ပေါင်းထားသော ဟင်းများသာ ဖြစ်သည်။ 


ကျူးအိမ်တော်မှာမှ မဟုတ် တစ်မြို့လုံးနီးနီး ကလည်း ထိုသို့သော အစားအစာများကိုသာ စားကြလေသည်။


စားသောက်ဆိုင်ကောင်းများမှ စားဖိုမှူးများသာ သေသေချာချာ ပေါင်းခံချက်ပြုတ်ထားသော ဟင်းပွဲများကို ဖန်တီးနိုင်သည်။


ကျုးရှုကမူ ယနေ့ဖြစ်ပျက်ခဲ့သမျှအား ပြန်တွေးနေခဲ့ပြီး မော့၀မ်ယွီ၏ ထူးဆန်းသောမေးခွန်းအား သိပ်ပြီးသတိမထားမိခဲ့ချေ။ သူက သူမေးချင်သည့် ကိစ္စအား တည့်တိုးပြောလိုက်သည်။


“မင်း ဒီနေ့ သူတို့ကိုပြောလိုက်တဲ့ အကြွေးတွေကို နှစ်လအတွင်း ပြန်ဆပ်မယ်ဆိုတဲ့ စကားကရော လိမ်လိုက်တာပဲလား”


နှစ်လဟူသော အချိန်မှာ အလွန်နည်းနေလွန်းပြီး လုပ်ရကိုင်ရ လွယ်ကူလိမ့်မည်မဟုတ်ပေ။ 


အကယ်၍ သူတို့သာ ငွေလုံလုံလောက်လောက် မရှာနိုင်ခဲ့ပါက ထိုလူများ အမှန်တကယ် တစ်ခုခုလုပ်လာမည်ကို စိုးရိမ်မိသည်။


ထိုလူများမှာ အနီးနားရွာများက လူများဖြစ်ပြီး ယခုအချိန်တွင်  တွေးတောဆင်ခြင်ရှိ‌သည့်အပြုအမူအား လုပ်ခဲ့ကြသော်လည်း နောက်ပိုင်း တွင် အမှန်တကယ်ဒေါသထွက်ပြီး ကြမ်းကြမ်းတမ်းတမ်းပြုမူလာခဲ့ပါက မည်သို့လုပ်ပါမည်နည်း။


မော့၀မ်ယွီသည်ကား ပေါ့ရွှတ်နေသော ဟင်းအား ထိုးဆွနေခဲ့ပြီး တူကိုအသာချကာ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။


“တကယ်တော့ အဲဒါက သူတို့ကို လှည့်စားဖို့သက်သက် ပြောခဲ့တာ...အဲဒီအချိန်က ဘာမှသိပ်မစဉ်းစားခဲ့မိဘူး...”


ခေတ္တရပ်တန့်ပြီးနောက် သူဆက်ပြောသည်။


“ဒါပေမဲ့ အခုတော့ ကိုယ့်ဆီမှာ အကြံ‌တွေရှိလာပြီ”


မော့၀မ်ယွီက ပြောပြီးသည်နှင့် ခေါင်းမော့ကြည့်လိုက်ကာ ဟက်ဟက်ပက်ပက်ရယ်မောခဲ့လေသည်။


_


နောက်တစ်နေ့နံနက်တွင် ကျူးရှုတစ်ယောက် အိပ်ရာမှ စောစောထခဲ့ပြီးနောက် အားရှု၏ အကူအညီဖြင့် သန့်ရှင်းရေးလုပ်ခဲ့ပြီးချိန်တွင် စားဖိုဆောင်အတွင်းမှလာသော ထူးဆန်းသည့် အသံပလံများအား ကြားလိုက်ရသည်။


ကျူးရှုမျက်မှောင်ကြုတ်လိုက်ပြီး ‘သူခိုးများလား’ ဟုတွေးလိုက်မိလေသည်။


လတ်တလောတွင် အကြွေးများဖြင့် မချောင်မလည်ဖြစ်နေသော ကျူးအိမ်တော်မှာ လူများများအား မထောက်ပံ့နိုင်တော့သည်ဖြစ်ရာ အစေခံများမှာလည်း နည်းသထက်နည်းလာခဲ့ပြီဖြစ်သည်။ 


ကျန်ရှိနေသေးသော အစေခံ နှစ်ယောက်သုံးယောက်သည်သာ အားကိုးရာဖြစ်နေ‌ခဲ့ပြီး ထိုလူများကလည်း အိမ်တွင် တခြားသော အရေးကြီးသည့် ကဏ္ဍများကို လုပ်ဆောင်နေကြရလေ၏။


 သူတို့ထဲမှ တချို့က မနက်စာအတွက်ကိုအနည်းငယ်လောက်ကိုသာ ပြင်ဆင်တတ်ကြလိမ့်မည်။


အားရှုသည်ကား မည်သို့ချက်ပြုတ်ရမည်အား မသိပါချေ။ 


 ကျူးရှုကတော့ ဟင်းချက်ရသည်အား နှစ်သက်ပြီး တစ်နေ့သုံးနပ်တွင် သူချက်သည့်ဟင်းက ပို၍ များနေခဲ့သည်။ ထို့ကြောင့် ယခု မီးဖိုထဲတွင် ရှိနေသည့်သူကား မည်သူနည်း။


ကျူးရှု စားဖိုဆောင် တံခါးထံသို့ ‌သွားလိုက်ချိန်တွင် ဘေးဘက်မှ အားရှုက တခုခုအား သတိရသွားဟန်ဖြင့် ပျော်ရွှင်စွာပြောလိုက်သည်။


“သခင်လေး...အထဲမှ ချက်ပြုတ်နေတဲ့သူက ရှီးရယ်ပဲ... ရှီးရယ်က မနက်က စောစောနိုးတော့ ကျွန်တော့်ကိုပြောတယ် ၊ သူ သခင်လေးအတွက် အစားအသောက် ကောင်းကောင်းလေး လုပ်ကျွေးချင်တယ် တဲ့”


ကျူးရှု ရုတ်တရက်ရပ်တန့်သွားပြီး သူ၏ အေးစက်စက် ဗာဒံစေ့မျက်လုံး‌လေးများက အနည်းငယ် မှင်တက်သွားခဲ့ကာ ပြန်လည်မေးလိုက်မိသည်။


“သူက ဟင်းချက်နေတာလား...”


မော့၀မ်ယွီ ကျူးအိမ်သို့ ရောက်စဉ်ကတည်းက သူသည်ကား တစ်နေ့ငတစ်နေ့ ခြံထဲတွင် ငေးမောပြီး ထိုင်နေခြင်း သို့မဟုတ် မည်သည့်စကားကို ပြောရမှန်းမသိသဖြင့် ခြံထဲမှ ပန်းများအား ငေးနေခြင်း ဖြင့်သာ အချိန်ကုန်နေလေ့ရှိသည်။



 သူသည်ကား အမြဲ မှိုင်းညို့နေကာ ထူးထူးဆန်းဆန်းပြုမူနေတတ်သည်။ သူ၏ ပုံစံကြောင့်လည်း သူ့ကို တစ်ယောက်တည်း လွှတ်မထားရဲခဲ့ဘဲ တစ်ယောက် မဟုတ်တစ်ယောက်က ကြည့်ရှုပေးနေခဲ့ရသည်။


မော့၀မ်ယွီ ရေထဲသို့ ပြတ်ကျခဲ့သည့်နေ့ကျော့ အလွန်ပင် ရုတ်တရက်ဆန်လွန်းပေသည်။ သူက ကန်ထဲမှငါးများအား ဖမ်းချင်သည် ဟုပြောခဲ့ပြီး မည်သူကမျှလည်း မတားဆီးနိုင်ခဲ့ပါချေ။ သူက တားဆီးနေသောသူများအား တွန်းတိုက်ကာ ရေကန်ထဲသို့ ခုန်ဆင်းခဲ့‌သေးသည်။


မော့၀မ်ယွီ နိုးလာကတည်းက သူ၏ပုံစံမှာ အလွန်ထူးဆန်းသွားခဲ့ပြီး အရင်ကပုံစံနှင့် လုံး၀ ခြားနားသွားခဲ့သည်။ 



အကြွေးလာတောင်းသော ကိစ္စ အပြီးတွင် သူ၏ ထူးဆန်းမှုများအား ထပ်မံ၍ မခံစားခဲ့ရသော်လည်း ယခု သေချာပြန်၍ စဉ်းစားကြည့်လိုက်လျှင် မော့၀မ်ယွီအား တစ်ခြားတစ်ယောက်ကဲ့သို့ပင် ခံစားလိုက်ရသည်။


သူက စကားအများကြီး ပြောလာရုံတင်မကသေး ဉာဏ်ရည်သုံးပြီး လှည့်စားမှုမျိုး‌ပါ လုပ်ခဲ့သေးသည်။


အားရှုသည်ကား သူ့သခင်လေး၏ ရင်တွင်းမှ သံသယများအား ခံစားမိခဲ့သည်။ သူသည်လည်း မနေ့က နိုးလာပြီးကတည်းက ရှီးရယ်မှ ထူးဆန်းနေသည်အား ခံစားမိခဲ့သဖြင့် ပြောလိုက်သည်။


“ရှီးရယ်က မနေ့က နိုးလာတုန်းက တကယ် ထူးဆန်းနေခဲ့တာ...သူ့ဘာသူလည်း မေ့သွားပြီး သူ့ကိုယ်သူဘယ်သူလဲလို့လည်းမေးသေးတယ် သခင်လေးရဲ့...ပြိီးတော့ ထူးဆန်းတဲ့ စကားတွေလည်း ပြောခဲ့သေးတယ်”


“မင်းကော ရေကန်ထဲပြုတ်ကျပြီး မူးမေ့သွားမှာကို မကြောက်ဘူးလား”


အားရှုသည် ရုတ်တရက် တွေးမိသွားပြီး သူ၏ကြောင်တောင်တောင်အတွေးများအား မောင်းထုတ်လိုက်ကာ ခေါင်းငြိမ့်ပြီးပြောလိုက်သည်။


“ဒါပေမဲ့ ရှီးရယ်ကတော့ မနေ့က အကြွေးလာတောင်းတဲ့ သူတွေကိုတောင် မောင်းထုတ်လိုက်နိုင်သေးတယ်၊ သူက ရေကန်ထဲပြုတ်ကျပြီးတော့ ပိုပြီးတောင် ဉာဏ်ကောင်းလာသေးတယ်လေ မဟုတ်ဘူးလား”


အားရှုက မှုန်မိုင်းစွာ ထပ်ပြောလိုက်လေသည်။


“ဒါပေမဲ့ ရှီးရယ်ပြောခဲ့တဲ့ နှစ်လအတွင်း ပိုက်ဆံတွေကို ပြန်ပေးမယ်ဆိုတာကို သခင်လေး ယုံနိုင်လားဟင်...ဈေးဆိုင်ကလည်း ပေါင်ထားရပြီး ဘာလုပ်ငန်းမှလည်း လုပ်စရာရှိမနေဘူးလေ...


ပြီးတော့ အမှန်အတိုင်းပြောရရင် အိမ်ထဲက အဖိုးတန်တဲ့ ပစ္စည်းတွေ အားလုံးနီးပါးကလည်း ရောင်းစားလိုက်ရပြီမလား”


သူက ထိုစကားအား ပြောလာခြင်စမှာ  မယုံကြည်လိုခြင်းမဟုတ်ဘဲ မယုံကြည်နိုင်ခြင်းသာဖြစ်သည်။


 လွန်ခဲ့သော နှစ်၀က်ခန့်မှ ကျူးအိမ်တော်တွင် အနေအထိုင် အလွန်ကျပ်ခဲ့သည်။ အစေခံများကလည်း ထွက်သွားခဲ့ကြပြီး သူနှင့် အခြား နှစ်ယောက်သုံးယောက်လောက်သာ ကျန်ရစ်ခဲ့သည်။ 



သူတို့က မလိုအပ်ဘဲ စကားများကြသော်လည်း ထောင့်ပေါင်းစုံတွင် အားကိုးနေရသည့်အတွက်ကြောင့်သာ ဆက်လက်ခန့်ထားရခြင်းဖြစ်လေသည်။


ကျူးအိမ်တော်မှ ပေါင်နှံထားခဲ့သော ပစ္စည်းများမှာလည်း ပြန်မရွေးနိုင်၍ ဆုံးခဲ့ပြီဖြစ်သည်။ တွေးနိုင်သမျှ နည်းလမ်းအားလုံးကိုလည်း တွေးခဲ့ကြပြီးဖြစ်ရာ ယခု ကျူးအိမ်တော်၏ အခြေအနေမှာ စိတ်ဓာတ်ကျစရာပင်ဖြစ်နေခဲ့သည်။ 


ယခုတွင်တော့ ရှီးရယ်က နိုးလာပြီးနောက်တွင် နည်းလမ်းရှိသည်ဟု ပြောလာလေ‌သည်။ မည်သို့ဖြစ်နိုင်ပါမည်နည်း။


ကျူးရှုသည်ကား စကားတခွန်းမျှမပြောဘဲ မီးဖိုထဲတွင် အလုပ်ရှုပ်နေသော မေ့၀မ်ယွီအား လှမ်းကြည့်နေခဲ့သည်။ မီးခိုးများအကြား ပျောက်ကွယ်နေသော ကျူးရှုက နှုတ်ခမ်းအား အသာသပ်ကာ မည်သည်အား စဉ်းစားနေသည်ကို မသိနိုင်။


 ထို့နောက် အချိန်အတော်ကြာမှသာ အေးစက်စက်အသံပိုင်ရှင်က ဖြေးဖြေးချင်း စကား ပြောလာသည်။


“သေချာကြည့်ထား”


မီးမွှေးသော မီးဖို၏ ထင်းထည့်သော အ၀က  အလွန်ကျယ်သောကြောင့် မီးတောက်က ကြီးမားနေခဲ့ကာ မော့၀မ်ယွီသည်ကား ပထမတွင် မီးအပူအား သေချာမထိန်းချုပ်နိုင်ခဲ့ချေ။ 



သူ ချက်လိုက်သောအရာများမှာ တူးလျှင်တူး မဟုတ်လျှင် ခါးသွားခဲ့သည်။ တစ်ကိုက်မ်ည်းပြီးသည်နှင်် သူက ချက်ချင်း ရှံ့မဲ့ကာ ထွေးထုတ်လိုက်တတ်သည်။


သို့သော် မော့၀မ်ယွီသည်ကား မည်သည့်အရာကိုမဆို နားလည်အသားကျရန် လွယ်ကူသည်ပင်။


 နာရီ၀က် အတွင်းမှာပင် မီးဖိုမှ မီးများကို ထိန်းချုပ်နိုင်ခဲ့ပြီး ချက်ပြုတ်နေသော ဟင်းများကလည်း လိုချင်သောအရသာမျိုး ရလာခဲ့သည်။


အလွန်ပင် လတ်ဆတ်ပြီး မွှေးပျံ့နေခဲ့ပေသည်။ မော့၀မ်ယွီက တစ်ဇွန်းခန့် မြည်းကြည့်ပြီးနောက် စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းအသာငြိမ့်လိုက်သည်။ 


ဤကမ္ဘာတွင် ပါ၀င်ပစ္စည်းများ လုံလုံလောက်လောက် မရှိဟန်ပေါ်သည်။


 မီးဖိုထဲတွင် အခြေခံဖြစ်သော ဆီ ဆား ၊ပဲငံပြာရည်၊ ရှာလကာရည် တို့ကိုသာ ရှာတွေ့ခဲ့ပြီး အခြားသော အရသာများကို ရှာမတွေ့ခဲ့ပေ။


 သူရှာတွေ့သည့်အထဲတွင် အရသာ အရှိဆုံးအရာမှာ ထောင့်နားမှ ပဲအနှစ်များပင် ဖြစ်သည်။


ပဲအနှစ်အိုးအပေါ်၌ ဖုန်အလွှာ ပါးပါး တစ်ထပ်က ဖုံးထားလျက်ရှိပြီး အသင့်ဖြစ်ချိန်ကတည်းက မည်သူမျှ ထိုအရာအား မထိရသေးဟန်ပေါ်သည်။



အားရှု၏ ပြောစငားအရ ဤကမ္ဘာမှလူများသည် အခြားသော ချက်ပြုတ်ခြင်းမျိုးထက် ပေါင်းထားသောအစားအစာမျိုးကိုသာ စားလေ့ရှိဟန်တူသည်။ 



ရှေးခေတ်တွင် ဟင်းခတ်ပစ္စည်း အမျိုးစုံ မထွန်းကားသေးသည့်အတွက် အရသာပေါ့နေသည်မှာ ပုံမှန်ပင်ဖြစ်သည်။


မလိုအပ်သော အတွေးများအား ဘေးဖယ်ထားလိုက်ပြီးနောက် မော့၀မ်ယွီ ပဲအနှစ်အနည်းငယ်အား မြည်းစမ်းကြည့်လိုက်သည်။ 



ထိုအနှစ်မှာ အလွန်အရသာပြည့်စုံပြီး သူ ဤသို့ရောက်ပြီးနောက် စားခဲ့သည့် အရသာအရှိဆုံးအရာဖြစ်‌လိမ့်မည်။


 ပဲအနှစ်များက ပြုလုပ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း အရသာမှာ ပြဿနာမရှိပါချေ။


“ထပ်ထည့်မယ်”


မော့၀မ်ယွီ စကားအနည်းငယ်ကို ရေရွတ်နေခဲ့ပြီး ပဲအနှစ် ဇွန်းအပြည့်အား ဟင်းအိုးထဲသို့ ထည့်လိုက်ပြီး မွှေလိုက်သောအခါ အိုးနှင့်ဇွန်း ထိခတ်သံများနှင့် အဆီပါသော ဟင်းနံ့မွှေးမွှေး ထွက်ပေါ်လာခဲ့သည်။ 


မော့၀မ်ယွီက ပြုတ်ထားသော ခေါက်ဆွဲများကို အိုးထဲမှ ဆယ်ယူပြီးနောက် ကိုယ်ကိုလှည့်လိုက်ရာ အပေါက်၀တွင် မည်သည့်အချိန်ကတည်းက ရပ်နေမှန်းမသိရသည့် တခြားကမ္ဘာသို့ ရောက်နေသည့်ဟန်ဖြင့် ရပ်ကြည့်နေသည့် ကျူးသခင်လေးအား တွေ့လိုက်ရလေသည်။


ကျူးရှုသည်ကား ဤယနေ့တွင် ဝါးပင်များသဏ္ဍာန် ရွေချည်များထိုးထားပြီး ဆောင်းရာသီအတွက် ဖန်တီးထားသော ထျင်းရိ ၀တ်စုံအား ၀တ်ဆင်ထားသည်။ 



မော့၀မ်ယွီသည်ကား ထိုအရာအား သတိမထားမိဘဲ သူ၏လက်ထဲမှ အညိုညစ်‌ညစ်အရောင် ခေါက်ဆွဲပန်းကန်လုံးအား တစ်ဖက်သူထံသို့ ကမ်းပေးလိုက်ပြီး အပြစ်ကင်းစွာ ပြုံးလျက် မေးလိုက်သည်။


“ နိုးလာပြီလား... ခေါက်ဆွဲ တစ်ပန်းကန် လိုချင်လား”


သူ့အပြုံးက တောက်ပနေခဲ့ပြီး မကြာခင်က မီးဖိုမှ မီး‌တောက်အောင် လေမှူတ်ခဲ့သောကြောင့်  မီးခိုးရောင်အမှုန်များက မျက်နှာထက်တွင် ကပ်ငြိနေခဲ့သေးသည်။ 



ထိုပုံစံမှာ မဖော်ပြနိုင်လောက်အောင်ပင် ရိုးသားသည့် ပုံပေါ်နေခဲ့သည်။


ကျူးရှုသည် ခေါက်ဆွဲပန်းကန်အတွင်းမှ အဆာပလာများအား တစ်ချက်ကြည့်လိုက်ကာ ခေတ္တရပ်တန့်သွားပြီးနောက် မသိသာလောက်စွာနှင့် နှုတ်ခမ်းထောင့်လေးများက အပြုံးရိပ်အနည်းငယ်ခန့် ဖြစ်ပေါ်လာခဲ့သည်။


“ကောင်းတာပေါ့”


*