အခန်း(7)
မော့၀မ်ယွီ ခေါက်ဆွဲပန်းကန်များနှင့် ဟင်းလျာများအား ခြံထဲရှိ တဲအိမ်လေးထဲသို့ သယ်လာခဲ့ပြီး တည်ခင်းပေးလိုက်သည်။
ထိုဟင်းများအားလုံးမှာ ကြက်ဥနှင့် တို့ဖူးကိုသာသုံးထားခဲ့ပြီး ဆားဖြင့် ရိုးရှင်းစွာ ချက်ပြုတ်ထားသော ဟင်းပွဲများဖြစ်ပြီး ကျူးရှုအား သူချက်ထားသမျှကို မြည်းစေချင်ခဲ့သည်။
အစပိုင်းတွင် သူ ထိုမျှအထိ ချက်ပြုတ်ရန် မရည်ရွယ်ခဲ့သော်လည်း မနက်ဘက် အိမ်ရှေ့တွင် ဖြတ်သွားသော ဟင်းသီးဟင်းရွက်သည် အားမြင်လိုက်ချိန်တွင် မူလပိုင်ရှင် ဝှက်ထားခဲ့သော အိတ်ထဲမှ ကြေးပြားအနည်းငယ်ကိုယူကာ ဟင်းသီးဟင်းရွက် ၀ယ်ရန်ထွက်ခဲ့သည်။
ထို့နောက် ဟင်းရွက်ဗန်းထဲမှ ဟင်းရွက်များမှာ အလွန်လတ်ဆတ်သဖြင့် အနည်းငယ် ထပ်၀ယ်ခဲ့သေးသည်။
သူချက်ပြုတ်ခဲ့သည့် ပထမ အကြောင်းအရင်းမှာ ယမန်နေ့က အစားအသောက်များမှာ သူ၏အရသာနှင့် မကိုက်ညီ၍ ၀၀လင်လင် မစားခဲ့ရသောကြောင့်ဖြစ်သည်။
ဒုတိယအကြောင်းအရင်းသည်ကား သူယမန်နေ့ညက ပြောခဲ့သော အရာအား လက်တွေ့အကောင်အထည်ဖော်ရန်အတွက် ထိုနည်းလမ်းအား အမှန်တကယ်အလုပ်ဖြစ်မဖြစ် ဦးစွာ စမ်းသပ်ကြည့်လိုခြင်းဖြစ်ပေသည်။
သူ့အနေဖြင့် နှပ်ထားသော အစားအစာများကို ရောင်းချသည့်ဆိုင်ဖွင့်ချင်ခဲ့သည်။
သူ၏ မူလကမ္ဘာတွင် အလုပ်အားသည့်အချိန်များ၌ ဟင်းချက်လေ့ရှိသည်။
သူ့အနေဖြင့် သူ၏စိတ်ကို ကျေနပ်မှုရှိစေရန်အတွက် အစပ်ကဲသော ဟင်းလျာများအားချက်ပြုတ်ကာ သူ၏ အရသာခံဂလင်းများကို ကျေနပ်စေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ ဟင်းချက်သည့် အရည်အချင်းမှာလည်း တိုးတက်လာခဲ့လေသည်။
သူ့အနေဖြင့် မူလက ဤနေရာတွင် သူ ချက်မည့်ဟင်းလျာများအတွက် လုံလောက်သော ပါ၀င်ပစ္စည်းများကို မရှာဖွေနိုင်မည်အား စိုးရိမ်ခဲ့လေသည်။ ထို့ကြောင့် ယနေ့မနက်တွင် စတင်လေ့လာ၍ စမ်းချက်ကြည့်ရန် စီစဉ်ခဲ့သည်။
သူ့အနေဖြင့် အစပိုင်းတွင် စိတ်ကူးနေရုံသာဖြစ်ပြီး စိတ်မချရပါချေ။ ထို့အပြင် ဤကမ္ဘာမှလူများသည်ကား အရသာလွန်ကဲသော အစားအစာများအား စားသောက်ရန် နှစ်သက်သည် ၊ မနှစ်သက်သည်ကိုလည်း သိချင်နေခဲ့သေးသည်။
ပေါ့သည့်အရသာကိုသာ စွဲမြဲစွာ စားလာခဲ့သူများသည်က်း အငန်ကဲသော အစာများအား မနှစ်သက်တတ်သည်လည်းရှိသည်။ သို့သော်လည်းလူအများကသာ နှစ်သက်မည်ဆိုပါက ဆိုင်ဖွင့်၍ ပိုက်ဆံရှာနိုင်ပေလိမ့်မည်။
မော့၀မ်ယွီကား ထိုသို့သောလူမျိုး ဖြစ်ချေသည်။ သူ့အနေဖြင့် အလုပ်မလုပ်ပဲ အပြောသက်သက်သာ ပြောဆိုတတ်သည့် သူမျိုးမဟုတ်ပါချေ။
သူ ကျူးအိမ်တော်မှ ထွက်ပြေးရန် မကြိုးစားတော့သည်မှာလည်း ထို့အတွပာကြောင့်ဖြစ်သည်။
သူက လူတိုင်း၏ ရှေ့တွင် ထိုစကားအား ပြောခဲ့ခြင်းဖြစ်ရာ နှစ်လအတွင်း သူ အမှန်တကယ် ထိုအကြွေးအား ဆပ်ပေးနိုင်ရလိမ့်မည်။
ထိုမျှတင်မကသေးပါချေ။ သူသည်ကား လက်ရှိတွင် မရင်းနှီးသော နေရာသစ်သို့ ကူးပြောင်းလာခဲ့ရခြင်းဖြစ်၍ တစ်နေရာရာသို့ ထွက်ပြေးမည်ဆိုပါက အခက်တွေ့နိုင်သည်။ မူလပိုင်ရှင်၏ နာမည်ကြီး အိမ်တော်သို့လည်း သူမပြန်နိုင်ပေ။
မော့ဝမ်ယွီ သေသေချာချာတွေးတောပြီးနောက်တွင် ကျူးအိမ်၌ သားမက်အဖြစ် နေခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ဆုံဖြတ်လိုက်သည်။
စာအုပ်ထဲတွင် ဖတ်ရှုခဲ့ရသည့် ကျူးရှုမှာ အနည်းငယ် ကြောက်စရာကောင်းသည်ဟု ထင်ခဲ့သောလည်း ယမန်နေ့ညမှ အပြုအမူများကြောင့် ကျူးရှုသည်က ထိုမျှ ရက်စက်သည့်သူတစ်ယောက် မဟုတ်ကြောင်း သူသိခဲ့ရသည်။
အနည်းဆုံးတော့ သူ နာကျင်နေပါက ကျူးရှုအားပြော၍ရနိုင်သည်။
ဟင်းပွဲများ အသင့်ဖြစ်ချိန်၌ ကျူးရှုက သူ၏ လက်ထဲမှ ကိစ္စများအား ခဏရပ်လိုက်ကာ အားရှုကိုလည်း သူနှင့်အတူ ဆွဲခေါ်လာခဲ့လေသည်။
အစားအသောက်ကို အတော်လေး ခုံမင်တတ်သော အားရှုမှာ စားပွဲပေါ်မှ အနက်ရောင်ဖြစ်နေသော ခေါက်ဆွဲပန်းကန်နှင့် မည်သည့်အရာဖြင့် ချက်ထားသည်အား မခန့်မှန်းနိုင်သော ထူးဆန်းသည့်အသွင်ဖြင့် ဟင်းပွဲများအား မြင်လျှင် မတတ်နိုင်ဘဲ မျက်မှောင်သာကြုံ့၍ ကြည့်လိုက်မိလေသည်။
သူ၏ သခင်လေးက အလွန်တည်ငြိမ်စွာဖြင့် သူ၏တူအား ဆန့်ထုတ်လိုက်သည်ကို တွေ့လျှင် အားရှုက မသိစိတ်က တားမြစ်ချင်ခဲ့သည်။
“ဟို သခင်လေး ဘယ်လိုလဲ ..... ဒါမှမဟုတ် မစားရင်ရော”
၎င်းအားကြည့်ရသည်မှာ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
ထိုကဲ့သို့ အနက်ရောင် ဟင်းရည်အား သူမတိုင်ခင်က မမြင်ဘူးခဲ့ပါချေ။
သို့သော် ထိုထူးဆန်းသော အနက်ရောင် ပန်းကန်ထံမှ မဖော်ပြနိုင်သော စိမ်းသက်သည့်ရနံ့က သူ၏ စားချင်စိတ်အား လှုံ့ဆော်နေသေးသည်။
အလွန်ထူးဆန်းသည်မှာ ထိုရနံ့က မဆိုးရွားသည့်အပြင် လူများကိုပါ တံထွေးမျိုချ စေမိခဲ့သည်။
ထိုသို့သော ဟင်းပွဲမျိုးအား တစ်ခါမျှ မစားဖူးခဲ့သောကြောင့် ကျူးရှု အနည်းငယ် တွန့်ဆုတ်နေခဲ့သော်လည်း သူ၏ဆန့်ကျင်ဘက်တွင် ထိုင်နေသော မော့၀မ်ယွီကမူ သူ့ထံမှ ချီးကျုးခံချင်နေသကဲ့သို့ မျက်တောင်ခပ်၍ ထိုင်ကြည့်နေခဲ့လေ၏။ ထို့အတွက် ကျူးရှု၏ ဖြူဖွေးရှည်လျားသော လက်ချောင်းလေးများက ခဏလောက် ရပ်တန့်သွားခဲ့ပြီးနောက် အညိုရောင် နှင့် မီးခိုးရောင် အနှစ်များဆမ်းထားသော တို့ဖူးတစ်တုံးအား တူဖြင့် ညှပ်ယူလိုက်သည်။
အားရှုက သူ၏သခင်လေးတစ်ယောက် မျက်မှောင်ကြုံ့လျက် ပန်းကန်လုံးထဲမှ တို့ဟူးအား တူဖြင့် အသာခွဲလိုက်ပြီး အဖဲ့ကလေးအား ပါးစပ်ထဲသို့ ထည့်လိုက်သည်အား ကြည့်နေခဲ့သည်။
သူ၏ သခင်လေးသည်ကား အစမှအဆုံး မည်သည့်စကားမျှ မဆိုခဲ့ပါချေ။ သို့သော်လည်း သူ၏ မှိတ်ကျသွားသော ဗာဒံစေ့မျက်လုံးလေးများအား ကြည့်ကာ အားရှုတစ်ယောက် တစ်ဖက်လူထံမှ စိတ်ကျေနပ်မှု အရိပ်အယောင်တချို့ကို ယောင်ဝါးဝါးခံစားလိုက်ရသည်။
အားရှု အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားခဲ့ရလေ၏။ သူ၏ သခင်လေးသည်ကား ငယ်စဉ်ကတည်းက သူ၏စိတ်ခံစားချက်များကို ဖော်ပြခြင်းမရှိခဲ့ပါချေ။
သူ၏မျက်လုံးအတွင်းရှိ ခံစားချက်များသည်လည်း အမြဲတစေ ခန့်မှန်း၍ မရနိုင်လောက်အောင် ငြိမ်သက်နေလေ့ရှိခဲ့သည်။
သခင်ကြီးနှင့် သခင်မကြီးသည်ပင် တစ်ခါတလေ သခင်လေးမှ မည်သည်အား တွေးတောနေသည်ကို မသိရှိခဲ့ကြပေ။ ယခုကဲ့သို့ သူ၏ သခင်လေးမှ သူ၏ ခံစားချက်အား သိသိသာသာ ထုတ်ဖော်ပြသည်ကို သူ ပထမဆုံး မြင်ဖူးခြင်းဖြစ်လေသည်။
သို့ပေမဲ့လည်း ဒီလိုထူးဆန်းတဲ့ပုံစံမျိုးနဲ့ဟင်းတွေက တကယ်ပဲ အရသာရှိရဲ့လား။
“မြည်းကြည့်မလား”
မော့၀မ်ယွီက မျက်ခုံးအား ပင့်,မလိုက်ပြီး အားရှုထံသို့ တူတစ်စုဲ ကမ်းပေးကာ ပြောလိုက်သည်။
ကျူးရှုထံမှ ခွင့်ပြုချက်ရရှိပြီးနောက်တွင် အားရှုသည်လည်း တူကိုယူ၍ တို့ဖူးတစ်တုံးအား ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
သူ၏ စိတ်ကူးထဲမှ ထူးဆန်းကာ ဆိုးဝါးနေလောက်သည့် အရသာမျိုး ရှိနေခြင်းမရှိခဲ့ဘဲ သူ၏ ပါးစပ်ထဲမှတို့ဖူးသည်ကား ချောမွေ့နူးညံ့နေခဲ့ကာ ချိုချိုချဉ်ချဉ်နှင့် အနည်းငယ်ထုံသည့် အရသာလေးက သူ၏ အာခံတွင်းတစ်လျှောက်သို့ ပျံ့နှံ့၍သွားခဲ့သည်။
ဤသည်က စားမိသူအား ထကပ်မံ၍စားချင်အောင် စွမ်းဆောင်နိုင်သော အရသာမျိုး ဖြစ်ပေသည်။
အားရှုတစ်ယောက် ခဏတာလောက် ရပ်တန့်သွားပြီးနောက် နောက်တစ်တုံးကို ထပ်မံကောက်ယူကာ စားလိုက်ပြန်သည်။
ကျူးရှု နှင့် အားရှုတို့ နှစ်ယောက်အား ကြည့်လိုက်ပြီး မော့၀မ်ယွီက မေးစေ့အား လက်ဖြင့်ထောက်ကာ အပြုံးတစ်ခုဖြင့် မေးလိုက်လေသည်။
“အရသာရှိလား”
အားရှုက ခေါင်းကိုတဆက်ဆက်ငြိမ့်လိုက်ကာ ပြန်ဖြေလာခဲ့သည်။
“ရှီးရယ် ၊ ဒါကို ဘယ်လိုများ ချက်ခဲ့တာလဲ၊ ဒါက အရသာရှိလွန်းတယ်... ကြည့်ရတာ ရုပ်ဆိုးပေမဲ့ မပြောပြတတ်အောင် အရသာရှိတယ်”
သူ ထုတ်ဖော်မပြောခဲ့သည့်တစ်ချက်သည်ကား ဤဟင်းများက သူတို့၏ သခင်လေးချက်ပြုတ်ခဲ့သည့် လက်ရာထက် ပိုအရသာရှိသည်ကိုပင်။
သူ၏သခင်လေးမှာ ချက်ပြုတ်ရသည်အား ကြိုက်နှစ်သက်သော်လည်း သူ ချက်ပြုတ်သည့်အစားအစားများမှာ တူကိုပင် သေသေချာချာမကိုင်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်ပင်။
သေချာတာ့။ ဒါကိုတော့ ထုတ်ပြောလို့မရဘူး။
ကျူးရှုက ခေတ္တရပ်တန့်နေခဲ့ပြီးနောက်ပြောလိုက်သည်။
“ဒါက... တစ်ခုခုလိုအပ်နေသလိုပဲ”
သူ့အနေဖြင့် ထိုဟင်းကို ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်သော်လည်း တစ်ခုခုလိုအပ်နေသကဲ့သို့ ခံစားနေရသည်။
ထိုအရာကို မဖော်ပြတတ်သော်လည်း အရသာထဲတွင် အရေးကြီးသည့် တစ်ခုခု လိုအပ်ကာ ပျောက်ဆုံးနေသလိုပင်။
ထိုစကားအားကြားသော် မော့ဝမ်ယွီတစ်ယောက် အနည်းငယ် အံ့အားသင့်သွားပြီး မျက်တောင်ခတ်လိုက်မိသည်။
ဤဟင်းပွဲများတွင် အဓိကပါ၀င်ပစ္စည်း “ငရုတ်သီး”က ပျောက်ကွယ်နေခဲ့သည်။ ဟင်းရွက်သည်အား မေးခဲ့သော်လည်း ငရုတ်သီးကို မည်သည့်နေရာတွင် ရောင်းသည်အား သူ မသိခဲ့ချေ။
သူ စားဖိုဆောင်၏ အနှံ့ လိုက်လံရှာဖွေခဲ့သော်လည်း ငရုတ်သီးမှုန့် အား မတွေ့ခဲ့ပါချေ။ ထိုကြောင့် ငရုတ်သီးအစား အနံ့ပြင်းသော အမွှေးအကြိုင်တစ်ခုကိုသာ တွေ့ခဲ့ရသောကြောင့် ၎င်းကို အစာ့ထိုး၍ ထည့်ခဲ့ရသည်။
တကယ်တမ်းပြောရလျှင် ဤဟင်းပွဲကို တစ်ခါမျှမစားဘူးသူတစ်ယောက်အနေဖြင့် ဤသည်အား သိနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ကျူးရှုက အမှန်တကယ်ပင် သိနေခဲ့သည်။
သို့သော်လည်း မော့၀မ်ယွီက တစ်ဖက်လူများကို မည်သို့ချက်ပြုတ်ထားသည်အား အသေးစိတ်ပြောရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
သူက စားဖိုဆောင်အတွင်းရှိ ပဲအနှစ်အိုးအားရှာတွေ့သည့်အတွက် ၎င်းကို သုံးကာ ချက်ပြုတ်ထားခဲ့ခြင်းဖြစ်ကြောင်းကိုသာ ပြောပြခဲ့သည်။
မော့၀မ်ယွီ ထိုသို့ပြောလိုက်ပြီးနောက်တွင် သူ၏ အရှေ့မှ နှစ်ယောက်သားက တိတ်ဆိတ်ငြိမ်သက်ကာ ရပ်တန့်သွားခဲ့ကြလေသည်။
‘……’
အားရှုသည်ကား သူ့သခင်လေးထံသို့ သတိထားပြီး ကြည့်လိုက်သည်။
‘အဲဒါက သခင်လေး ချက်ပြုတ်ခဲ့တုန်းက အရသာပျက်သွားခဲ့တဲ့ ပဲအနှစ်မဟုတ်ဘူးလား။ ဘာလို့ ရှီးရယ် ချက်လိုက်တော့ ဒီလောက်တောင် အရသာရှိနေရတာလဲ’
လွန်ခဲ့သော ရက်အနည်းက သခင်လေးက လက်မလျော့ဘဲ ထိုပဲအနှစ်ဖြင့် ဟင်းချက်ခဲ့သေးသည်။
သို့သော်ထွက်လာသော အရသာသည်ကား တခြားသောအစေခံမျာ့ကို အော့အန်ချင်လုမတတ်ဖြစ်သွားခဲ့ရလေသည်။
‘သခင်လေး...အဆင်မှပြေရဲ့လား’
ကျူးရှုတစ်ယောက် မျက်လွှာအသာချကာ လက်ထဲမှ တူကိုသာ စိုက်ကြည့်နေခဲ့သည်။
သို့သော် ချက်ချင်းဆိုသလို ပန်းရောင်သန်းလာခဲ့သော သူ၏နားရွက်ဖျားလေးများကမူ ပိုင်ရှင်၏ စိတ်သဘောအမှန်အား မီးမောင်းထိုးပြနေခဲ့လေသည်။
အားရှုသည်လည်း ထိုအရာက သခင်လေးကို အလွန်ရှက်ရွံ့သွားစေလိမ့်မည်အား တွေးမိသွားခဲ့သည်။
ကျူးရှနှင့် အားရှု၏ တုံ့ပြန်မှုများအား မြင်ပြီးနောက်တွင် မော့ဝမ်ယွီက ဤကမ္ဘာမှလူများက သူချက်သော ဟင်းမျိုးကို နှစ်သက်ကြသည်ဖြစ်ကြောင်းကို သူ သိရှိသွားခဲ့သည်။ သို့သော်လည်း သူတို့က ပါ၀င်ပစ္စည်းများကို မရှာနိုင်ခြင်းနှင့် မည်သို့မသိ၍ မချက်တတ်ကြခြင်းသာဖြစ်ပေသည်။
ပထမဆုံး စမ်းသပ်၍ ချက်ကြည့်ခြင်းက အောင်မြင်သည်ဟု ဆိုရမည်ဖြစ်သော်လည်း မော့ဝမ်ယွီက နှပ်ထားသည့် ဟင်းလျာစားသောက်ဆိုင်ဖွင့်မည်ဆိုသည့် အကြံအား ကျူးရှုထံသို့ ချက်ချင်း မပြောခဲ့ပေ။
ထို့အစား သူ့အနေဖြင့် သေသေချာချာ ထပ်မံ တွေးတောပြီးမှသာ ပြောရန် ဆုံးဖြတ်လိုက်သည်။
ယခုအချိန်တွင်မူ သူ့အနေဖြင့် လိုအပ်သော ပါ၀င်ပစ္စည်းများအား မရှာဖွေရသေးသကဲ့သို့ ယခုချက်ပြုတ်ခဲ့သော ရိုးရိုးရှင်းရှင်း ဟင်းပွဲများမှ စ၍ အခြားသော ဟင်းပွဲများကို အောင်မြင်စွာ ချက်ပြုတ်နိုင်ရန်လည်း မသေချာသေးပေ။
သူ ထပ်မံ၍ စမ်းသပ်ကြည့်ရန် လိုအပ်နေသေးသည်။
သူ ယခု ချက်ခဲ့သည့်အရာများမှာ လွယ်ကူရိုးရှင်းသော ဟင်းပွဲများသာဖြစ်ပြီး အမှန်တကယ် ရှုပ်ထွေးသော ဟင်းများအား သူဖန်တီးနိုင်ရန် မကြိုးစားရသေးပါချေ။
ထပ်မံ၍ ပြောရလျှင် ရှေးခေတ်ကာလတွင်ဖြစ်၍ သူ လိုအပ်သော အရသာရှိသည့် ဟင်းခတ်ပစ္စည်းများအား ရှာဖွေရသည်မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ။
တစ်ဖက်လူအား စားသောက်ဆိုင်ဖွင့်မည့်အကြံအား မပြောရသေးမီတွင် သူ ထိုအရာများကို အမျိုးအစားစုံလင်အောင် အရင်ဆုံးရှာဖွေရန်လိုအပ်သည်။
မဟုတ်ပါက အပြောသာရှိပြီး အလုပ်မဖြစ်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
မော့၀မ်ယွီက အရှက်ကွဲမည်အား မစိုးရိမ်သော်လည်း သူ အမှန်တကယ်မလုပ်နိုင်မည်ကိုတော့ စိုးရိမ်နေခဲ့ပေသည်။
*